သမ္မတ ဒေါ်နယ် ထရန့်ကို ပင်မ ရုပ်သံ ဌာနများ သပိတ်မှောက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။

အိမ်ဖြူတော်က မီဒီယာအချို့၏ သတင်းရယူခွင့်ကို ပိတ်ပင်လိုက်သည့်အပေါ် မကျေနပ်သည့်အတွက် အမေရိကန် ပင်မ ရုပ်သံကွန်ရက်ကြီးများ ပူးပေါင်း၍ သမ္မတ ဒေါ်နယ်ထရန့်၏ သတင်းရိုက်ကူး တင်ဆက်မှုများကို ရပ်ဆိုင်းကာ ဆန္ဒပြခဲ့ကြသည်။

စက်တင်ဘာ ၂၁ ရက်တွင် သမ္မတ ဒေါ်နယ်ထရန့်က CNN၊ MS NOW နှင့် Politico သတင်းဌာန ၃ ခုအား အိမ်ဖြူတော်အတွင်း သတင်းရယူခွင့် ပိတ်ပင်ခဲ့သည်။

အဆိုပါ အရေးယူမှုအပေါ် ကန့်ကွက်သည့်အနေဖြင့် ABC၊ CBS၊ CNN၊ Fox နှင့် NBC တို့ပါဝင်သော အမေရိကန် ထိပ်သီး ရုပ်သံလိုင်း ၅ ခုသည် သမ္မတ၏ သတင်းများကို စုပေါင်းရိုက်ကူးပေးသည့် (Pool Coverage) လုပ်ငန်းစဉ်များကို အတူတကွ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

အဆိုပါ ဆန္ဒပြမှုကြောင့် နယူးယောက်မြို့၌ ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ခဲ့သည့် သမ္မတထရန့်၏ ခရီးစဉ်တစ်ခုလုံးအား သတင်းမီဒီယာများမှ ရုပ်သံသတင်း ရိုက်ကူးတင်ဆက်နိုင်ခဲ့ခြင်း မရှိပေ။

တစ်ချိန်တည်းတွင် သတင်းရယူခွင့် ပိတ်ပင်ခံရသည့် သတင်းဌာနများက အဆိုပါ အမိန့်အား ချက်ချင်းရုပ်သိမ်းပေးရန် တရားရုံး၌ တရားစွဲဆိုထားသည်။

ယခု ပိတ်ပင်မှုသည် လွတ်လပ်စွာ ပြောဆိုခွင့်နှင့် သတင်းရယူခွင့်ကို ကာကွယ်ပေးထားသည့် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမပြင်ဆင်ချက် (First Amendment) ကို တိုက်ရိုက် ချိုးဖောက်နေခြင်းဖြစ်ကြောင်း စွပ်စွဲထားသည်။

သို့သော် သမ္မတ ဒေါ်နယ်ထရန့်က သတင်းမီဒီယာများသည် “ကင်ဆာရောဂါ” သဖွယ်ဖြစ်နေပြီး အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း တုံ့ပြန်ခဲ့သည်။  

ဒုတိယသမ္မတ ဂျေဒီဗန့်စ်ကလည်း အဆိုပါ မီဒီယာများသည် လက်ဝဲယိမ်း ဝါဒဖြန့်ချိမှုများ ပြုလုပ်နေကြောင်း ပြစ်တင်ပြောဆိုခဲ့သည်။