ဆောမြို့နယ်တွင် တိုက်ပွဲမရှိဘဲ ဗုံးကြဲခံရ၍ စစ်ဘေးရှောင် အမျိုးသမီး ၂ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်။
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် အရှေ့မြောက်ပိုင်းရှိ ကျေးရွာများကို စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင် အမျိုးသမီး ၂ ဦး သေဆုံးပြီး ကလေးတစ်ဦး အပါအဝင် ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
စက်တင်ဘာလ ၂၇ ရက်နေ့၊ ညနေ ၄ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆောမြို့နယ်မြောက်ပိုင်း ငှက်ချောင်းကျေးရွာနှင့် အနီးဝန်းကျင်သို့ စစ်အုပ်စုက ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဆောဒေသခံ ကျန်းမာရေးဝန်ထမ်းတစ်ဦးက “ယောဒေသ ဆောမြို့နယ် အရှေ့မြောက်ပိုင်းရှိ ငှက်ချောင်းရွာနဲ့ အနီးဝန်းကျင် ကျေးရွာတွေကို ဗုံးကျတယ်။ ငှက်ချောင်းက စစ်ရှောင်တွေနေတာလေ။ လူနေအိမ်တွေလဲ ပျက်စီးတယ်၊ လူတွေပျောက်လို့ ရှာနေတာတွေ ရှိတယ်” ဟု ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ငှက်ချောင်းကျေးရွာတွင် ခေတ္တခိုလှုံနေသည့် စစ်ဘေးရှောင်များဖြစ်ကြသော အသက် ၅၀ ဝန်းကျင် ဒေါ်သီတာဝင်းနှင့် အသက် ၂၀ ဝန်းကျင် မချောစုခင်တို့ သေဆုံးခဲ့ပြီး၊ ၁၀ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် လူနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့သည်။
စစ်အုပ်စုသည် ယောဒေသမှတစ်ဆင့် ရခိုင်နှင့် ချင်းပြည်တောင်ပိုင်းသို့ နယ်မြေစိုးမိုးနိုင်ရန် တပ်အင်အား ဖြည့် တင်းကာ ပြန်လည်ထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီး ဆောမြို့နယ်နှင့် လောင်းရှည်မြို့နယ်အတွင်း နေရာအများ အပြား၌ အထိုင်ချတပ်စွဲလျက် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း ယောဒေသရှိ ကျောက်ထုနှင့် ထီးလင်းမြို့နယ် အစပ်အပြင် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက်နှင့် ကျင်ဒွေးမြို့နယ်များကို စစ်အုပ်စုက ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။
ယောဒေသမှတစ်ဆင့် ချင်းတောင်ပိုင်းသို့ လွန်ခဲ့သည့် ၄ လကျော်မှစ၍ စစ်အင်အား ၄,၅၀၀ ခန့်အထိ ပို့ဆောင် ထားပြီး မြေပြင်ထိုးစစ်ရော လေကြောင်းပါ အရှိန်မြှင့်ဆောင်ရွက်နေသဖြင့် ဒေသခံပြည်သူများအနေဖြင့် လေကြောင်းရန်၊ လက်နက်ကြီးရန်နှင့် စစ်ကြောင်းများကို အထူးသတိပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစု များက သတိပေးထားသည်။