ချင်းမိုင်တွင် ကရင်နီရိုးရာ ဒီးကူပွဲတော် ကျင်းပ၊ စစ်ဘေးရှောင်နှင့် ပညာရေးအတွက် ရန်ပုံငွေ ရှာဖွေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပသည့် ကရင်နီရိုးရာ အဲဒိုပေါမီ (ဒီးကူ) ပွဲတော်သည် ၅ နှစ်တာအတွင်း လူထောင်နှင့်ချီ တက်ရောက်ခဲ့ပြီး အစည်ကားဆုံးနှင့် အခမ်းနားဆုံးအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း ပွဲစီစဉ်သူများက ပြောသည်။

အဆိုပါ ရိုးရာဒီးကူပွဲတော်ကို ချင်းမိုင်မြို့အနီး၊ ဒွယ်စကဲပ် (Doi Saket) မြို့နယ်ရှိ ရာဇမင်္ဂလ နည်းပညာတက္ကသိုလ် (RMUTL) ကျောင်းပရိဝုဏ်အတွင်း ကျင်းပခဲ့ခြင်းဖြစ်သည်။

ယခင်နှစ်များက မြို့တွင်း၌ ကျင်းပစဉ် ကြုံတွေ့ခဲ့ရသည့် နေရာကျဉ်းကျပ်မှုနှင့် အခက်အခဲများကို ကျော်လွှား ကာ ယခုနှစ်တွင် လွတ်လပ်စွာ ကျင်းပခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

ပွဲစီစဉ် ဦးဆောင်သူတစ်ဦးဖြစ်သည့် Karenni Community Chiangmai Thailand (KCCT) မှ တာဝန်ရှိသူ ဦးဗယ်လင်တိုင်းက “ဒီနေ့ကျင်းပတဲ့ အဲဒိုပေါမီ ဒီးကူပွဲကတော့ အရင်နှစ်တွေထက်တော့ တော်တော်လေး ထူး ခြားတာ ရှိပါတယ်။ အခု ဒီနှစ်မှာကျတော့ ဒီတောင်ပေါ် မြို့ပြင်နေရာမှာ ကျနော်တို့ နေရာရတဲ့အခါမှာ လွတ် လပ်စွာပဲ ဒီနေရာကို ပိုင်ဆိုင်တဲ့ တာဝန်ရှိသူတွေကလည်း ကျွန်တော်တို့ကို ၁၀၀ ရာခိုင်နှုန်း လွတ်လပ်ခွင့် ပေး ထားတယ်။ ‘စိတ်ကြိုက်ဆွဲပါ’ ဆိုတဲ့ ဟာမျိုးပေါ့။ ဒီနေ့ကတော့ အင်မတန်မှ ကြည်နူးစရာလည်း ရလိုက်တယ်၊ နောက် ပရိသတ်တွေလည်း ထောင်နဲ့ချီ လာတာပေါ့နော်။ အင်မတန်မှ အောင်မြင်တဲ့ နေ့တစ်နေ့ ဖြစ်လာပါ တယ်” ဟု ပြောသည်။

၎င်းပွဲတော်သို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) တာဝန်ရှိသူအချို့ တက်ရောက်ခဲ့ကြသည့် အပြင် နေရာပေးသည့် ထိုင်းတက္ကသိုလ်ဝင်း၏ ဥက္ကဋ္ဌနှင့် အကြီးဆုံး ကျောင်းထိုင် ဆရာတော်ကြီးများပါ တက် ရောက်ကာ အသိအမှတ်ပြု ပံ့ပိုးပေးခဲ့ကြသည်။

ထို့ပြင် ယခုပွဲတော်မှတစ်ဆင့် စစ်ဘေးဒဏ်သင့် ကရင်နီပြည်တွင်းရှိ စစ်ဘေးရှောင်များနှင့် ပညာရေးကဏ္ဍ အတွက် ရန်ပုံငွေများ ကောက်ခံသည့် အစီအစဉ်များလည်း ပြုလုပ်ခဲ့ကြပြီး ရရှိသည့် ရန်ပုံငွေများကို ကရင်နီ ပြည်တွင်းရှိ စစ်ဘေးရှောင်များထံသို့ တိုက်ရိုက် ကူညီပံ့ပိုးပေးသွားမည် ဟု ဆိုသည်။

တစ်ဖက်တွင်လည်း ပြည်ပရောက် ကရင်နီတက္ကသိုလ် ကျောင်းသူ/ကျောင်းသားများအဖွဲ့က ကရင်နီပြည်တွင်းရှိ အခြေခံပညာကျောင်းများအတွက် ရည်ရွယ်ကာ ရန်ပုံငွေ ရှာဖွေခဲ့ကြသည်။

ရန်ပုံငွေ အသုံးပြုမည့် အစီအစဉ်နှင့် ပတ်သက်၍ ပြည်ပရောက် ကရင်နီတက္ကသိုလ် ကျောင်းသူ/သားများ အဖွဲ့ဝင် မမော်လျားမြာက “ဒီနေ့ လာရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကရင်နီပြည် လွိုင်ကော် အရှေ့ဘက် ခြမ်းက ကျောင်းတစ်ကျောင်းအတွက် အဓိက ရည်ရွယ်ပြီးတော့ လုပ်ထားတာ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆို တော့ ဒီကျောင်းက လောလောလတ်လတ် ဒီ ဩဂုတ်လမှာ စစ်အုပ်စုတပ်ရဲ့ ဒရုန်းကြောင့် အရေးပေါ် အခြေ အနေကြောင့် တခြား လုံခြုံတဲ့နေရာကို ပြောင်းရွှေ့ရတယ်၊ အဲ့ဒါကြောင့်မို့ သူတို့ရဲ့ လိုအပ်ချက်တွေ အများကြီး ရှိနေတယ်ပေါ့နော်။ အဲ့ဒါကြောင့် ဒီရရှိလာတဲ့ ရန်ပုံငွေတွေကို အဲ့ဒီကျောင်းအတွက် အရင် စီစဉ်အသုံးချသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ကရင်နီပြည်တွင်း၌ ကျောင်းပေါင်း ၄၀၀ ကျော်နှင့် ကျောင်းသား ၅ သောင်းကျော် ရှိနေပြီး စာရေးကိရိယာ၊ ပရိဘောဂနှင့် လုံခြုံရေးဆိုင်ရာ အရေးပေါ် လိုအပ်ချက်များစွာ ကြုံတွေ့နေရသည့်အတွက် ယခုကဲ့သို့ တစ်ဖက် တစ်လှမ်းမှ ကူညီဆောင်ရွက်နေခြင်း ဖြစ်သည်။

ချင်းမိုင်မြို့တွင် ၅ နှစ်တာအတွင်း အခမ်းနားဆုံးအဖြစ် ကျင်းပနိုင်ခဲ့သည့် အဆိုပါ ကရင်နီရိုးရာ ဒီးကူပွဲတော် သည် ရိုးရာဓလေ့ကို ထိန်းသိမ်းရုံသာမက ပြည်ပရောက် လူငယ်များနှင့် ပြည်တွင်းမှ စစ်ဘေးဒဏ်ခံ ပြည်သူများ အကြား စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန် ချိတ်ဆက်ကူညီနိုင်မှုကို ထင်ဟပ်စေခဲ့သည်။