ဂျပန်နိုင်ငံက အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားခအား အဆ ၂၀ ထိ တိုးမြှင့်
သတင်းနှင့် မီဒီယာ ကွန်ရက်.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။
ဂျပန်အစိုးရသည် နိုင်ငံအတွင်း လာရောက်နေထိုင်ကြသည့် နိုင်ငံခြားသားများ၏ အမြဲတမ်းနေထိုင်ခွင့် (PR) လျှောက်ထားခအား ယခင် ယန်း ၁၀,၀၀၀ မှ ယန်း ၂၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁,၂၇၀ ကျော်) ထိ အဆ ၂၀ ခန့် အထိ တိုးမြှင့်လိုက်ကြောင်း ထုတ်ပြန်သည်။
ထို့အပြင် အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားသူများအနေဖြင့် ဂျပန်နိုင်ငံ၏ ပျမ်းမျှဝင်ငွေထက် မနည်းသော ခိုင်မာသည့် ဝင်ငွေရှိကြောင်း သက်သေပြနိုင်ရမည်ဖြစ်သည်။
ထိုမျှသာမက ပင်စင်ထည့်ဝင်မှုနှင့် ဂျပန်ဘာသာစကား ကျွမ်းကျင်မှုဆိုင်ရာ သတ်မှတ်ချက်အသစ်များ ကိုပါ ပြည့်မီရမည်ဖြစ်သည်။
ဝန်ကြီးချုပ် Sanae Takaichi ဦးဆောင်သည့် ဂျပန်အစိုးရသည် တိုးပွားလာနေသော နိုင်ငံခြားသား လူဦးရေအား ထိန်းချုပ်ရေးနှင့် လုံခြုံရေးအတွက် လူဝင်မှုကြီးကြပ်ရေး မူဝါဒများကို တင်းကြပ်လိုက်ခြင်း ဖြစ်သည်။
ဂျပန်နိုင်ငံ၌ မွေးဖွားနှုန်းကျဆင်းမှုနှင့် လုပ်သားအင်အား လိုအပ်ချက်ကြောင့် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သား ၄ သန်းကျော်အထိ တိုးတက်လာနေသော်လည်း အဆိုပါ ကန့်သတ်ချက်များကြောင့် ရေရှည်နေထိုင် အလုပ်လုပ်ကိုင်လိုသည့် ပညာရှင်များနှင့် ရွှေ့ပြောင်းလုပ်သားများအတွက် စိန်ခေါ်မှုများ ရှိလာနေသည်။