စစ်အုပ်စုခေါင်းဆောင်ကို မလေးရှားက ကော်ဇောနီ ခင်း၍ ကြိုဆို

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်။

စစ်အုပ်စု ခေါင်းဆောင်ကို ဖိတ်ကြားခြင်းသည် နိုင်ငံရေး အရ အသိအမှတ်ပြုခြင်းမဟုတ်ဟု မလေးရှား ဝန်ကြီးချုပ်၏ အတွင်းရေးမှူး တစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့သော်လည်း မလေးရှားသို့ ရောက်ရှိလာသော စစ်အုပ်စု ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို ကော်ဇောနီခင်း ကြိုဆိုခဲ့သည်။

ယနေ့ အောက်တိုဘာလ ၈ ရက်နေ့တွင် ရောက်ရှိလာသော မြန်မာစစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်အား မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) က ကော်ဇောနီခင်းကာ  ခမ်းခမ်းနားနား ကြိုဆို လက်ခံတွေ့ဆုံခဲ့သည်ကို ရုပ်သံမှတ်တမ်းများတွင် တွေ့ရသည်။  

ရုပ်သံမှတ်တမ်းများတွင် မစ္စတာ အန်ဝါနှင့် ဦးမင်းအောင်လှိုင်တို့ အခမ်းအနားသို့ ရောက်ရှိလာပုံ၊ နိုင်ငံတော်သီချင်းများ ဖြင့် ဂုဏ်ပြုတပ်ဖွဲ့က အလေးပြုနေပုံနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေပုံတို့ကို မြင်တွေ့ရသည်။

ဦးမင်းအောင်လှိုင်၏ မလေးရှားခရီးစဉ်အတွင်း တရားမဝင် မြန်မာ အလုပ်သမားများ ပြန်ပို့ရေးနှင့် ဒေသတွင်း ရေးရာ ကိစ္စများကို ဆွေးနွေးကြမည်ဟု မလေးရှား အခြေစိုက် ဘနားမား သတင်းဌာနက ထုတ်ပြန်ထားသည်။