ရခိုင်ရှိ AA ထိန်းချုပ်မြို့များတွင် ဆန်ပြတ်လပ်မှုနှင့်အတူ ငွေကြေးကျပ်တည်းမှု ဆိုးရွားစွာ ကြုံတွေ့နေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်။

ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်များတွင် စစ်အုပ်စုတပ်၏ လမ်းပန်းဆက် သွယ်ရေး ပိတ်ဆို့ထားမှုကြောင့် စားနပ်ရိက္ခာ ဆန်ပြတ်လပ်မှု အကျပ်အတည်းနှင့်အတူ ငွေစက္ကူ ရှားပါးသည့် ပြဿနာကို ဒေသခံ ပြည်သူများနှင့် စစ်ဘေးရှောင်များ ဆိုးရွားစွာ ရင်ဆိုင်နေကြရကြောင်း မြေပြင် ဒေသခံ များနှင့် စစ်ဘေးရှောင်အရေး ကူညီပေးနေသူများထံမှ သိရသည်။

ရခိုင်ပြည် တောင်ပိုင်းရှိ သံတွဲ၊ တောင်ကုတ်နှင့် ဂွ မြို့နယ်တို့တွင် လက်ရှိ၌ ဆန်ဝယ်ယူရန် ခက်ခဲနေသည့်အပြင် ဆန်စက်များတွင်ပါ ကြိုတင်အော်ဒါ မှာယူမှသာ အကန့်အသတ်ဖြင့် ဝယ်ယူခွင့် ရရှိတော့သည်။

ပြင်ပပေါက်ဈေးအရ ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၁ သိန်းခွဲမှ ၁ သိန်း ၆ သောင်းအထိ ဈေးနှုန်း မြင့်တက်နေ သဖြင့် စစ်ဘေးရှောင်များနှင့် ဒေသခံများ ဝယ်ယူရန် ခက်ခဲလာနေသည်။

ဒေသခံ ပရဟိတသမားတစ်ဦးက “လက်ရှိ ရခိုင်တောင်ပိုင်းက စစ်ရှောင်တွေက တော်တော်ဒုက္ခရောက်ရတယ်။ စစ်တပ်က ဗုံးကြဲနေတော့ အလုပ်လည်း လုပ်စားလို့မရသလို စပါးလည်း စိုက်လို့မရ လှူတဲ့သူတွေလည်း မရှိ တော့ တော်တော်ခက်ခဲနေတာပါ။ အခုတောင်းစားတဲ့သူတွေ ခိုးတဲ့သူတွေများလာပါတယ်။ ဆန်ကြမ်း တွေ လည်း ဈေးတက်လာပါတယ်။ တခြားပြည်နယ်တွေနဲ့ အဆက်အသွယ် မရသလို ရခိုင်မြောက်ပိုင်းမြို့တွေကို လည်းသွားဖို့က ခက်ခဲပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့မှစ၍ စစ်အုပ်စုတပ်၏ လေကြောင်းဗုံးကြဲမှုများ ကြောင့် သံတွဲ၊ တောင် ကုတ်နှင့် ဂွ မြို့နယ်တို့တွင် စစ်ဘေးရှောင် ၆၀၀ နီးပါး ထပ်မံ တိုးလာနေပြီး အကူအညီများ အရေးပေါ် လိုအပ်လျက် ရှိသည်။

ထို့ပြင် ရခိုင်ပြည်တစ်ဝှမ်း၌ စစ်ရေးပဋိပက္ခများကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်း၊ စိုက်ပျိုးရေး လုပ်ငန်းများ လျော့ကျလာခြင်းတို့အပြင် ဘဏ်လုပ်ငန်းယန္တရားများ လုံးဝရပ်ဆိုင်းလုနီးပါး ဖြစ်နေခြင်းကြောင့် ငွေစက္ကူ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်။

ရခိုင်မြောက်ပိုင်း ငွေလဲလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက “သံတွဲ တောင်ကုတ်ဘက်တွေမှာလည်း ငွေသားက အဆင်မပြေ။ မြောက်ဦး၊ ကျောက်တော်ဘက် လာထုတ်တာတွေရှိတယ်။ ငွေသားက ခက်ခဲနေတယ် မလည်ပတ်ဘူးဆိုတော့ ခက်ခဲပါတယ်။ ရခိုင်တပြည်လုံး ပိုက်ဆံ အသစ်မမြင်ဖူးဘူး။ ဆိုင်တွေကလည်း ငွေသား နွမ်းရင် လက်မခံဘူး။ ကျမတို့ဆီလည်း ထုတ်လို့မရဘူး။ ငွေအသစ်က မမြင်ဘူးတာကြာပြီ။ ကျမတို့လည်း ဝန်ဆောင်ခက အခြေအနေအရ ယူရတာပါ” ဟု ပြောသည်။

ငွေသား ထုတ်ယူရာတွင် ယခင်က ကျပ် ၁ သိန်းလျှင် ၂,၀၀၀ မှ ၃,၀၀၀ ကျပ်ခန့်သာ ပေးရသော်လည်း လက်ရှိ တွင် ၇,၀၀၀ မှ ၈,၀၀၀ ကျပ်အထိ ပေးဆောင်နေရပြီး အချို့နေရာများ၌ ထုတ်ယူသည့် ပမာဏအပေါ် မူတည်၍ ၁၀ ရာခိုင်နှုန်း (ကျပ် ၁ သိန်းလျှင် ၁ သောင်းကျော်) အထိ ဝန်ဆောင်ခ ပေးနေရကြောင်း ဒေသခံများက ဆို သည်။

ရခိုင်ပြည်အတွင်းရှိ ပြည်သူများ၏ ဘဏ်အကောင့် အများစုကို စစ်အုပ်စုက ပိတ်သိမ်းခဲ့ပြီးနောက်ပိုင်း ငွေစက္ကူ ရှားပါးမှု ပိုမိုကြီးမားလာကာ ပြည်သူများမှာ Mobile Banking (KPay, Wave Money) စနစ်ကိုသာ အမှီပြုနေရ သော်လည်း မြေပြင်တွင် ငွေသား ပြတ်လပ်နေသဖြင့် အေးဂျင့် ဝန်ဆောင်ခများမှာ မကြုံစဖူး မြင့်တက်လျက် ရှိသည်။

ငွေသား ရှားပါးမှုကြောင့် ဒေသတွင်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ရပ်ဆိုင်းသွား သည့်အပြင် ကျန်းမာရေးကဏ္ဍတွင်လည်း အရေးပေါ် ဆေးရုံတက်ရန် သို့မဟုတ် ခွဲစိတ်ရန် လိုအပ်သည့် လူနာများမှာ ဆေးရုံသို့ ပေးချေရန် ငွေသားမရှိသဖြင့် အခက်အခဲနှင့် ရင်ဆိုင်နေရသည်။

စစ်အုပ်စုသည် AA ထိန်းချုပ်ထားသည့် မြို့နယ်များကို လေကြောင်းနှင့် ကုန်းကြောင်း လမ်းကြောင်းများ အား လုံး ပိတ်ဆို့ထားသဖြင့် ငွေစက္ကူသစ် စီးဝင်နိုင်ခြင်း မရှိပါက ရေရှည်တွင် ကုန်သွယ်မှုစနစ် ပျက်စီးကာ ကုန်ချင်း လဲလှယ်သည့် စနစ် (Barter System) သို့ ကူးပြောင်းသွားနိုင်သည့် အန္တရာယ်ရှိနေပြီး လက်ရှိအချိန်အထိ ဒေသ တွင်း သက်ဆိုင်ရာ အာဏာပိုင်များဘက်ကလည်း ထိရောက်သည့် ဖြေရှင်းနည်း ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

ဓာတ်ပုံ – (ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင် ပြည်သူများ ကို တွေ့ရစဉ်။ (ပုံဟောင်း) / AFP)