NCA လမ်းကြောင်း တွေ့ဆုံဆွေးနွေးပွဲများ တော်လှန်ရေးအင်အားစုများ လက်မခံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံသည့် NCA လမ်းကြောင်းဖြင့် တွေ့ဆုံဆွေးနွေးမှုများသည် နိုင်ငံရေး ပဋိပက္ခများကို ဖြေရှင်းပေးနိုင်မည်မဟုတ်ဘဲ စစ်အာဏာရှင် သက်ဆိုးရှည်အောင် လုပ်ဆောင်နေခြင်းသာ ဖြစ် သဖြင့် စစ်အုပ်စုက ဖိတ်ခေါ်နေသည့် ဆွေးနွေးပွဲများတွင် မပါဝင်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းပြောဆိုလိုက်သည်။
မကြာသေးမီက ပြုလုပ်ခဲ့သည့် ‘တွေ့ဆုံဆွေးနွေးရေးက အဖြေလား’ ဆိုသည့် စကားဝိုင်းဆွေးနွေးပွဲတွင် တော် လှန်ရေး အင်အားစု ခေါင်းဆောင်များက ထိုသို့ သုံးသပ်ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံသည့် NCA လမ်းကြောင်းဖြင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများအပေါ် မွန်ပြည်သစ်ပါ တီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ဦးဆောင်ကော်မတီဝင် နိုင်ဗညားမွန်က ယခုကဲ့သို့ ပြောသည်။
နိုင်ဗညားမွန်က “NCA စာချုပ် ပါအတိုင်း သွားရင် စစ်တပ် လိုချင်တဲ့ သူ့ အာဏာ တည်မြဲရေး၊ သူ့ တရားဝင်မှု ဖြစ်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်ပြီးတော့ အသက်ဝင်ရေးဆိုတဲ့ ဒီသုံးချက်လောက်ကို သူက တစ် ချက်တည်းနဲ့ သုံးချက်လောက်ကို သူရသွားတဲ့ ပုံစံမျိုး ဖြစ်တဲ့အခါကျတော့ ဒါကြောင့် စစ်တပ်က သူအဓိက သူပြောတယ်။ ဒီ NCA ဖွဲ့စည်းပုံ အခြေခံဥပဒေမှ သွားရမယ်ဆိုတော့ သူ အဲ့ဒီပေါ်မှာ အဲ့ဒီအယူအဆပေါ် သူက ခြေကုပ်ပြီး ရပ်တည် ပြောဆိုနေခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးအင်အားစုများက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် NCA စာချုပ်ကို ပျက်ပြယ်ကြောင်း တရားဝင် ကြေညာထားသော်လည်း စစ်အုပ်စုကမူ ဆက်လက်ကိုင်စွဲထားဆဲ ဖြစ်သည်။
လက်ရှိ တွေ့ဆုံဆွေးနွေးရေး ပြောဆိုမှုများသည် ပကတိမြေပြင်အခြေအနေကို မျက်ကွယ်ပြုရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ထောက်ပြသည်။
ဦးအောင်မိုးဇော်က “ကနေ့အခြေ အနေမှာ တွေ့ဆုံဆွေးနွေးရေးလို့ ပြောကြ၊ ဆိုကြတဲ့ ကိစ္စဟာ အတော်လေး ကိုပဲ ပြဿနာရှိတဲ့ ကိစ္စဖြစ်တယ်လို့ ကျနော် ပြောချင်ပါတယ်။ ဒါတစ်ချက်ပေါ့။ နှစ်ချက် ပြောချင်တာက အဲ့ဒီလို တွေ့ဆုံဆွေးနွေးရေးလို့ ပြောနေတဲ့ ကိစ္စတွေက ကနေ့ တိုင်းပြည်အတွင်းမှာ တကယ်ဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခြေအနေတွေ၊ တိုင်းပြည်အတွင်းမှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို မျက်ကွယ် ပြုဖို့ ကြိုးစားနေကြတာ ဖြစ်တယ် ဆိုတာကို ကျနော် ပြောလိုပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့ကလည်း စစ်အုပ်စုက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၁၁ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များကို တွေ့ဆုံဆွေးနွေးရန် ထပ်မံဖိတ်ခေါ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များကိုလည်း ဥပဒေ ဘောင်အတွင်း ဝင်ရောက်ရန် ပြောဆိုခဲ့သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အဓိက တော်လှန်ရေးအင်အားစုများကိုမူ ဖိတ်ခေါ်ခြင်း မရှိပေ။
စစ်အုပ်စု၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုများသည် စကားလုံးသက်သက်သာ ဖြစ်ပြီး အာမခံချက်မရှိကြောင်း ကရင်နီအမျိုးသားလူငယ်အစည်းအရုံး (KNYO) အတွင်းရေးမှူး (၁) နော်ငဲငဲက ပြောသည်။
၎င်းက “ဒီ ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတဲ့ အဲ စကားလုံး တွေ က သူတို့ရဲ့ လုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောက်မှာပဲဖြစ်ဖြစ် သွားနေတဲ့ စကားလုံး တွေ အရ ပဲ ဖြစ်တဲ့ အတွက်ကြောင့် အဲ့ဒီ စကားလုံးတွေက ဒီ တွေ့ဆုံဆွေးနွေးရေးကလည်း ကျွန်မတို့အတွက် အာမခံချက် မရှိ ဘူး ပေါ့နော်” ဟု ပြောသည်။
စစ်အုပ်စုက ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများနှင့် ပတ်သက်၍ ကရင်လူငယ်အစည်းအရုံး (KYO) ဗဟိုမှ ပဒိုစောလယ်နယ်ကလည်း “စစ်အုပ်စု ခေါ်တဲ့ ငြိမ်းချမ်းရေး ကတော့ သူ့ ဆီကို သွား၊ သူ့ စကား ကို နားထောင်၊ သူ့ကို ချီးမွမ်း၊ ပြည်သူကို သူက ပြည်သူကို ဒုက္ခပဲပေး၊ ပြည်သူကို သတ်ဖြတ်၊ ဗုံးကြဲ၊ စကား မများနဲ့၊ ထိုင်ပြီးတော့ နားထောင် ကြည့်။ အဲ့ဒါ ကတော့ စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပဲလို့ ကျနော် ကတော့ အဲ့ဒီလိုမျိုး မြင်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။
စစ်အုပ်စုက ဖိတ်ခေါ်နေသည့် တွေ့ဆုံဆွေးနွေးမှုများသည် ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလား၍ မဟုတ်ဘဲ အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် ရေးဆွဲထားသည့် လုပ်ငန်းစဉ်သာ ဖြစ်ကြောင်း တော်လှန်ရေးအင်အားစု များက ထောက်ပြကြသည်။
ထို့ကြောင့် လက်ရှိအချိန်သည် စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးရမည့် အချိန်မဟုတ်ဘဲ စစ်အာဏာရှင်စနစ် အမြစ် ပြတ်ရေးကိုသာ ဦးတည်လုပ်ဆောင်ရမည်ဖြစ်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်မှသာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ၎င်းတို့က တိုက်တွန်းထားကြသည်။
ဓာတ်ပုံ – NCA (၁၁) နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်လာသည့် 7 EAO Alliance ခေါင်းဆောင်များနှင့် စစ်အုပ်စုဘက်က ခေါင်းဆောင်များကို တွေ့ရစဉ်။ / 7 EAO Alliance