စစ်မှုထမ်းဥပဒေကြောင့် မိအေးအခါခါနာရသည့် ရှမ်းတောင်ဒေသ
ဆိုင်းနှောင်ရေးသည်။
သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်
“တစ်ဖက်ကို ငါးသောင်း တူတူထည့်ရတာပေါ့။ နောက်တော့ တောင်ကြီးမှာ ကလေးမရှိတော့ရင် သုံးသောင်းထားပေးတယ်။ ကလေးရှိတဲ့အိမ်က ပုံမှန်ငါးသောင်းပေါ့။ စုစုပေါင်း တစ်လ ရှစ်သောင်း ထည့်ရတယ်။ နောက်ပိုင်း ပိုကောက်မယ်လို့လည်း ပြောတယ်”
အင်းလေးဒေသမှ တောင်ကြီးမြို့သို့ ပြောင်းရွှေ့လာသည့် အိမ်ရှင်မတစ်ဦးက ၎င်းတို့ မိသားစု နေရပ်ရင်းနှင့် လက်ရှိနေထိုင်ရာ နေရာနှစ်ခုလုံးအတွက် စစ်မှုထမ်းကြေး ပေးဆောင်နေရသည့် အခြေအနေကို ပြောပြခဲ့ခြင်း ဖြစ်သည်။
နေရပ်ရင်း အိမ်ထောင်စုစာရင်းရှိရာ ဒေသအတွက် ပေးရသည့်အပြင် လက်ရှိ ရောက်ရှိနေသည့် တောင်ကြီးမြို့တွင်လည်း ထပ်မံပေးဆောင်နေရသဖြင့် အိမ်ထောင်စု တစ်စုတည်းမှ စစ်မှုထမ်းကြေး နှစ်ဆ ထမ်းပိုးထားရပြီး လူထုအတွက် လူမှုစီးပွား ကျပ်တည်းမှုများ ပိုမိုဆိုးရွားလာခဲ့သည်။
တောင်ကြီးမြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ ဒေသခံများအတွက် အခက်အခဲက ထိုမျှနှင့် မပြီးသေးပေ။

စစ်အုပ်စုက စစ်မှုထမ်း စုဆောင်းစရိတ် ကောက်ခံနေသည့်အပြင် ဒေသတွင်း အာဏာသက်ရောက်နေသည့် ပအိုဝ်းပြည်သူ့စစ် (PNA) ဘက်ကလည်း စစ်မှုထမ်းကြေး၊ ရိက္ခာကြေးနှင့် အခြားခေါင်းစဉ် အမျိုးမျိုးဖြင့် ငွေကြေးများ ကောက်ခံလျက် ရှိသည်။
ထို့ပြင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကိုလည်း သီးသန့် ပေးဆောင်ရသေးသဖြင့် အိမ်ထောင်စုတစ်စုတည်းက အဖွဲ့အစည်းပေါင်းစုံ၏ ငွေကြေးတောင်းခံမှုကို ရင်ဆိုင်နေရကာ “မိအေးအခါခါနာ” အဖြစ်သို့ ရောက်ရှိနေရသည်။
+++ ပအိုဝ်းဒေသနှင့် ငွေကြေးဖိအားများ +++
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်မှုထမ်းဥပဒေ အသက်ဝင်လာပြီးနောက် တောင်ကြီးမြို့နယ်အတွင်းရှိ ပအိုဝ်းတိုင်းရင်းသား ဒေသခံများမှာ စစ်မှုထမ်း စုဆောင်းမှုဆိုင်ရာ ငွေကြေးဖိအားများကို ပိုမိုရင်ဆိုင်လာကြရသည်။
တောင်ကြီးမြို့နယ်သည် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နယ်နိမိတ်အတွင်း တရားဝင် မပါဝင်သော်လည်း မြို့နယ် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်နှင့် ကျေးရွာများတွင် ၉၀ ရာခိုင်နှုန်းခန့်မှာ ပအိုဝ်းတိုင်းရင်းသားများ နေထိုင်ကြပြီး PNA ၏ အာဏာစက် အားကောင်းသည့် ဒေသ ဖြစ်သည်။
စစ်အာဏာသိမ်းပြီးချိန်မှစ၍ PNA က ခေါင်းစဉ်အမျိုးမျိုးဖြင့် ငွေကြေးများ ကောက်ခံခဲ့ရာမှ ယခုအခါ စစ်အုပ်စုကပါ ထပ်မံကောက်ခံလာသဖြင့် ဒေသခံများမှာ ပြင်းထန်သော စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။
ဒေသခံ အမျိုးသမီးတစ်ဦးက “လတိုင်းတော့ မမှန်ဘူး။ စစ်မှုထမ်းကြေး၊ တော်ကြာ ရိက္ခာကြေး၊ ပြီးရင် ဘာပွဲညာပွဲပေါ့။ တချို့ရွာတွေကျတော့လည်း လတိုင်း ပုံမှန်ကောက်တယ်။ ရွာလူကြီးအပေါ် မူတည်နေတာ” ဟု ပြောသည်။

ကျေးရွာနှင့် ရပ်ကွက်အများစုတွင် လစဉ် ပျမ်းမျှကောက်ခံမှုများ ရှိသကဲ့သို့ မဲပေါက်သူ သို့မဟုတ် စစ်မှုထမ်းရန် အမိန့်စာရောက်လာသည့် အိမ်ထောင်စုများမှာ သိန်းရာဂဏန်းအထိ တစ်လုံးတစ်ခဲတည်း ထည့်ဝင်ကြရသည်။
အောက်ခြေ လူတန်းစားများမှာ စစ်မှုထမ်းကြေး ရရှိရန်အတွက် လူစားထိုးအဖြစ် သွားရောက်လုပ်ကိုင်ကြရသော်လည်း အုပ်ချုပ်ရေးအဖွဲ့များ၏ အကျင့်ပျက်ခြစားမှုကြောင့် ရရှိသင့်သည့် ငွေကြေးကို အပြည့်အဝ မရရှိကြပေ။
လူစားထိုး စစ်မှုထမ်းအဖြစ် သွားရောက်နေသူတစ်ဦး၏ မိခင်က “သားက ပိုက်ဆံအပြည့် မရလိုက်ဘူး။ ရာအိမ်မှူးက ဖြတ်စားထားတာ။ အုပ်ကြီးဆီ တိုင်တော့လည်း တစ်နှစ်ကျော်ပြီ၊ ဘာမှထူးမလာဘူး။ သားအသုံးလိုရင် ထုတ်ပေးရတယ်လို့ပဲ ဖြေရှင်းကြတယ်။ စားထားတဲ့သူတွေပဲ အမှန်ကို သိမှာ” ဟု ဆိုသည်။
+++ ပြည်ပရောက်သူများနှင့် အကြွေးနွံနစ်သူများ +++
ပြည်တွင်း၌သာမက ပြည်ပသို့ ထွက်ခွာသွားသည့် လူငယ်များအတွက်လည်း နေရပ်ရင်းမှ မိသားစုများက စစ်မှုထမ်းကြေးကို သုံးဆခန့် ပိုမိုထည့်ဝင်နေကြရသည်။
စစ်မှုထမ်းရန် အကျုံးဝင်သူတစ်ဦး၏ မိခင်က “သား ထိုင်းမှာတုန်းက အိမ်က ပိုထည့်ရတယ်။ သူများ ငါးသောင်းဆို သားက သိန်းကျော် ပေးရတာ။ ဟိုမှာနေလည်း ဒီမှာ ပိုထည့်နေရတော့ မထူးဘူးဆိုပြီး ပြန်လာလိုက်တယ်” ဟု ပြောသည်။
စစ်မှုထမ်းရန် တိမ်းရှောင်ရင်း ထိုင်းနှင့် မလေးရှားနိုင်ငံတို့သို့ တရားမဝင် ထွက်ခွာကြသူများမှာလည်း လမ်းခရီး အန္တရာယ်၊ ကုန်ကျစရိတ်နှင့် ဖမ်းဆီးခံရမည့် ဘေးများ ရင်ဆိုင်ကြရသည်။

တရားမဝင် ပြည်ပထွက်ခွာဖူးသူ လူငယ်တစ်ဦးက “သွားတုန်းက ကားသေးသေးလေးမှာ ၈ ယောက်တက်စီးရတယ်၊ စရိတ် သိန်း ၃၀ ကုန်တယ်။ ဟိုရောက်တော့ ဘတ်ရိုက်ပေမဲ့ အလုပ်မရဘူး။ အကူအညီမဲ့ပြီး အောက်လမ်းကပဲ ပြန်ဝင်လာရတော့ အကြွေး သိန်း ၃၀ ကျန်ခဲ့တယ်။ အခု အကြွေးလည်း ဆပ်နေရတယ်၊ စစ်မှုထမ်းကြေးလည်း တစ်လ ၈ သောင်း ဆက်ပေးနေရတယ်” ဟု ဆိုသည်။
+++ ပေါ်တာဆွဲ ဖမ်းဆီးမှုများနှင့် စိုးရိမ်ချက်များ +++
စစ်မှုထမ်းကြေး ကောက်ခံမှုများအပြင် အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးမှုများကြောင့်လည်း လူငယ်များနှင့် မိသားစုများ လုံခြုံရေးအတွက် စိုးရိမ်နေကြရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက် ညပိုင်းက တောင်ကြီးမြို့ မြို့မဈေးအနီးတွင် အလုပ်မှပြန်လာသည့် လူငယ် ၂၆ ဦး အဓမ္မဖမ်းဆီးခံခဲ့ရပြီး ဗထူးတပ်လေ့ကျင့်ရေးကျောင်းမှတစ်ဆင့် ကရင်နီ စစ်မျက်နှာသို့ ပို့ဆောင်ခံခဲ့ရသည်။
တောင်ကြီးမြို့မှ ဈေးသည် ကိုမင်းမင်း (အမည်လွှဲ) က “တောင်ကြီးမှာ ပေါ်တာဆွဲတာ ငြိမ်တယ်လို့ ပြောလို့မရဘူး။ သတင်းမထွက်အောင် ဖုံးထားကြတာ။ Facebook မှာ တင်ဖို့တောင် ကြောက်နေရတော့ ဘုရားဖြူဘက်မှာ ဆွဲသွားရင် ဘယ်သူမှ မသိနိုင်ဘူး” ဟု ပြောသည်။
ထို့ပြင် စစ်မှုထမ်းပြီး ပြန်လာသူများကိုပင် စာရင်းများ ထပ်မံကောက်ယူထားပြီး ပြန်လည်ခေါ်ယူရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

အင်းလေးဒေသမှ စစ်မှုထမ်းပြီး ပြန်ရောက်လာသူတစ်ဦး၏ မိခင်က “သူက စစ်မှုထမ်းရလို့ ကရင်နီကို သွားခဲ့ရတာ။ ပြန်လာတော့ တအားကြောက်လန့်နေပြီး လူတောမတိုးနိုင်ဘူး။ အခု စာရင်း ထပ်ကောက်ထားတယ်။ သင်တန်းပေးစရာ မလိုလို့ အရင်သွားဖူးသူတွေကိုပဲ ထပ်ခေါ်မယ်ကြားတယ်။ နောက်တစ်ခေါက်ဆို ဘုရားကယ်မှပဲ ရတော့မယ်” ဟု ရင်ဖွင့်သည်။
ကရင်နီဒေသမှ တောင်ကြီးသို့ စစ်ဘေးရှောင်လာသည့် ဈေးဆိုင်ပိုင်ရှင်တစ်ဦးကလည်း “ဟိုမှာက ၈ သောင်း၊ ဒီမှာက ၅ သောင်း ထည့်ရတယ်။ အိမ်ထောင်စုစာရင်း မရှိလည်း ထည့်ရမယ်ဆိုလို့ ထည့်နေရတာ။ တစ်လတစ်လ အိမ်ငှားစရိတ်၊ ကလေးကျောင်းစရိတ်နဲ့ စစ်မှုထမ်းကြေးပေးဖို့ တော်တော် ရုန်းကန်နေရတယ်” ဟု ပြောသည်။
ရှမ်းပြည်တောင်ပိုင်းတွင် စစ်မှုထမ်းဥပဒေ၏ ရိုက်ခတ်မှုကြောင့် မိသားစုများ၏ စီးပွားရေး ပျက်စီးရုံသာမက သားသမီးများ၏ အသက်အန္တရာယ်နှင့် အနာဂတ်ပါ ပျောက်ဆုံးနေရပြီး၊ မိခင်များအတွက်မူ “အိမ်ပြန်လာနိုင်ပါဦးမလား” ဆိုသည့် မေးခွန်းဖြင့် သားအပြန်ကို ရင်တမမနှင့် မျှော်လင့်နေကြရဆဲ ဖြစ်သည်။