“စူပါ အယ်လ်နီညို” ကြောင့် ဘိုလီးဗီးယားတွင် နိုင်ငံအဝှမ်း အရေးပေါ်အခြေအနေ ကြေညာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်။
ပစိဖိတ်သမုဒ္ဒရာအတွင်း စံချိန်တင် ပူနွေးလာသည့် “စူပါ အယ်လ်နီညို” (Super El Niño) ရာသီဥတု ဖြစ်စဉ်ကြောင့် တောင်အမေရိက နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဘိုလီးဗီးယားတွင် နိုင်ငံအဝှမ်း အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း သမ္မတ ရိုဒရီဂို ပက်စ် (Rodrigo Paz) က ပြောကြားလိုက်သည်။
အဆိုပါ ရာသီဥတု ဖြစ်စဉ်ကြောင့် ဘိုလီးဗီးယား ပြည်နယ် ၉ ခုအနက် ၇ ခုတွင် စံချိန်တင် မိုးခေါင်ရေရှားမှုများ ကြုံတွေ့နေရပြီး ဒေသခံ မိသားစုပေါင်း ၇၈,၀၀၀ ကျော် ရေရှားပါးမှု ဒဏ်ခံနေရကာ ကျွဲ၊ နွား ကောင်ရေ ၇၅,၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။
ထို့ပြင် မိုးရာသီ စတင်လာသည်နှင့်အမျှ ရုတ်တရက် ရေကြီးမှုနှင့် မြေပြိုမှု အန္တရာယ်များကိုပါ ရင်ဆိုင်ရနိုင်ကြောင်း သတိပေးထားသည်။
လက်ရှိ ဖြစ်ပေါ်နေသော အယ်လ်နီညို ဖြစ်စဉ်သည် ၂၀ ရာစုနှောင်းပိုင်းနောက်ပိုင်း အပြင်းထန်ဆုံး အဆိုးရွားဆုံး အဆင့်သို့ ရောက်ရှိနေပြီး အင်ဒိုနီးရှားတွင် တောမီးလောင်ကျွမ်းခြင်း၊ ပြင်သစ်ဂီယားနားတွင် မိုးခေါင်ခြင်းနှင့် မက္ကဆီကိုတွင် ဟာရီကိန်း မုန်တိုင်းများ တိုက်ခတ်ခြင်း စသည့် အစွန်းရောက် ရာသီဥတု ဖြစ်စဉ်များကို ကမ္ဘာတစ်လွှား ဖြစ်ပေါ်စေလျက်ရှိသည်။
သုတေသီများ၏ တွက်ချက်မှုအရ အဆိုပါ အယ်လ်နီညို ဖြစ်စဉ်သည် လာမည့် ဒီဇင်ဘာလတွင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိမည်ဖြစ်ကာ ၂၀၂၆ ခုနှစ် ဇွန်လမှ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ကမ္ဘာတစ်လွှား လူပေါင်း ၄ သိန်းခွဲနီးပါး အသက်ဆုံးရှုံးနိုင်သည်ဟု ဆိုသည်။
ကုလသမဂ္ဂကလည်း ပစိဖိတ်ဒေသတွင်း နိုင်ငံများအနေဖြင့် အဆိုးရွားဆုံး အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားကြရန် သတိပေး နှိုးဆော်ထားသည်။
Photo:Reuters