လွိုင်ကော်တွင် စာသင်ကျောင်းဗုံးကြဲမှု  KnHRG ၊ IEC နှင့် ဒေသခံများ စစ်အုပ်စုကို ပြင်းထန်စွာ ရှုတ်ချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်။

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စာသင်ကျောင်းသို့ စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်အပေါ် ကရင်နီလူ့အခွင့် အရေးအဖွဲ့ (KnHRG)၊ IEC ပညာရေးဌာနနှင့် ဒေသခံများက ကန့်ကွက်ရှုတ်ချလိုက်သည်။  

စစ်ရာဇဝတ်မှု ကျူးလွန် နေသည့် စစ်တပ်အား အမြန်ဆုံး တာဝန်ယူ တာဝန်ခံစေရန်လည်း နိုင်ငံတကာ အသိုက်အဝန်းထံ အဆိုပါ အဖွဲ့များက တောင်းဆိုလိုက်ကြ သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃် ရက် မွန်းလွဲပိုင်းတွင် မြေပြင်၌ တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်း မရှိဘဲ စစ်အုပ် စုသည် Y-12 လေယာဉ်နှင့် ဂျက်ဖိုက်တာများကို အသုံးပြု၍ စစ်ရှောင်ကလေးငယ်များ စာသင်ကြားနေသည့် နေရာသို့ ဗုံးအလုံးရေ ၂၀ ကျော် ဆက်တိုက် ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် တတိယတန်း၊ ပဉ္စမတန်းနှင့် သတ္တမတန်းတို့မှ ကျောင်းသား၊ ကျောင်းသူ ၃ ဦး ပွဲချင်း ပြီး သေဆုံးခဲ့ပြီး၊ အသက် ၉ နှစ်မှ ၁၆ နှစ်ကြား ကလေးငယ် ၅ ဦးမှာ ကျည်စ၊ ဗုံးစများ ထိမှန်၍ ဒဏ်ရာ ရရှိခဲ့ရာ ကလေးငယ်တစ်ဦးမှာ ဦးခေါင်း ပြင်းထန်စွာ ထိခိုက်ထားသဖြင့် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေ တွင် ရှိနေသည်။

လက်ရှိ လေကြောင်းဗုံးကြဲခံရပြီးနောက် မြေပြင်အခြေအနေနှင့် ပတ်သက်၍ စစ်ရှောင်စခန်းမှ ဒေသခံတစ်ဦးက “လေယာဉ်သံ ကြားတာနဲ့တင် ကလေးတွေရော လူကြီးတွေပါ အကုန်လုံး လန့်ကြရတယ်။ အခုက စာသင် ကျောင်းပါ ဗုံးကြဲခံလိုက်ရတာဆိုတော့ ဘယ်နေရာမှ မလုံခြုံတော့ပါဘူး။ လက်ရှိမှာ ကလေးတွေကို ကျောင်း ဆက်မထားဖို့တောင် စဉ်းစားနေရပြီ။ ဘုရားကျောင်းဆိုလည်း ကြဲတာပဲ၊ ဈေးဆိုလည်း ကြဲတာပဲ။ ဒဏ်ရာရ ထားတဲ့ ကလေးတွေအတွက်လည်း ဆေးဝါးနဲ့ ကုသမှု ပစ္စည်းတွေ အရေးပေါ် လိုအပ်နေပါတယ်” ဟု ပြော သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မြေပြင်၌ အကူအညီပေးနေသူ တစ်ဦးကလည်း “ကလေးငယ်တွေ စာသင်နေတဲ့ နေရာမှန်း အတိအကျ သိရက်နဲ့ အခုလို အကြိမ်ကြိမ် ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တာဟာ ဘယ်လိုမှ ခွင့်လွှတ် လို့မရတဲ့ စစ်ရာဇဝတ်မှုဖြစ်ပြီး တရားမျှတမှုအတွက် ဆက်လက် ဆောင်ရွက်သွားပါမယ်” ဟု ပြောသည်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ပညာရေးဌာနကလည်း ယခုကဲ့သို့ စာသင်ကျောင်းနှင့် စစ်ဘေးရှောင် ကလေးသူငယ်များအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် နိုင်ငံတကာ လူသားချင်း စာနာ ထောက်ထားမှုဥပဒေ (IHL) နှင့် ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း (CRC) တို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည့် စစ်ရာဇဝတ်မှု ဖြစ်ကြောင်း ထောက်ပြထားသည်။

သို့ဖြစ်ပါ၍ စာသင်ကျောင်းများနှင့် အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ စစ်အုပ်စု၏ ကျူးလွန်မှုများအတွက် တာဝန်ခံမှုရှိလာစေရန် နိုင်ငံတကာမှ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန်နှင့် ကလေးသူငယ်များ၏ ဘေးကင်းလုံခြုံရေးအတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းက အရေးပေါ် အကူအညီများ ပေးရန် IEC ပညာရေးဌာနက တောင်းဆိုထားသည်။

ထို့ပြင် KnHRG အနေဖြင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလအတွင်း ကရင်နီပြည်၌ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်းနှင့် ဒရုန်းတိုက်ခိုက်မှု ၃၅ ကြိမ်အထိ မှတ်တမ်းတင်နိုင်ခဲ့ပြီး ကလေးသူငယ်များ အပါအဝင် အရပ်သားပြည်သူများ ပိုမို ပစ်မှတ်ထားခံနေရကြောင်း သတိပေးထားသည်။

စစ်အုပ်စု၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်နိုင်ရေးအတွက် နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်းများ အနေဖြင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) သို့ အမြန်ဆုံး လွှဲပြောင်းပေးရန်နှင့် အရပ်သားများကို ကာကွယ်ပေးနိုင်မည့် ထိရောက်သော အရေးယူဆောင်ရွက်မှုများ ချက်ချင်း လုပ်ဆောင်ရန် KnHRG က တိုက်တွန်းထားသည်။

(ဓာတ်ပုံ – Credit to original uploader)