ကျောက်ဖြူတွင် လေပြင်းတိုက်၍ စက်လှေနစ်မြုပ်ကာ စစ်ရှောင်များအပါအဝင် ၃ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်။

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် စက်လှေတစ်စီး နစ်မြုပ်ခဲ့ပြီး စစ်ဘေးရှောင် များ အပါအဝင် လိုက်ပါလာသူ ၁၂ ဦးအနက် ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်တွင် ကျောက်ဖြူမြို့နယ် အဖိုးပြင်ကျေးရွာမှ စစ်ဘေးရှောင်များအပါအဝင် ဒေသခံ ၁၂ ဦးသည် ကျောက်ဖြူနှင့် အမ်းမြို့နယ်ကြားရှိ (ဒေသအခေါ်) ဆနွန်းကျွန်း သဲသောင်သို့ ဂုံးကောက်ရန် စက်လှေ တစ်စီးဖြင့် ထွက်ခွာခဲ့ကြခြင်းဖြစ်သည်။

လုပ်ကိုင်စားသောက်ရန် အခက်အခဲများကြောင့် ပင်လယ်ပြင်သို့ ထွက်ခွာရာမှ ယခုကဲ့သို့ မတော်တဆဖြစ်စဉ် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အခုရက်ပိုင်း ရာသီဥတုမကောင်းလို့ သတိထားကြဖို့ သတိပေးတာတွေရှိပေမယ့် ရာသီကလည်း သားငါးရှာဖို့ ကောင်းတဲ့ အချိန် ဂုံးကောက်ဖို့သွားပြီးအပြန် လေပြင်းတိုက်လို့ လှေမြုပ်ပြီး သေကြတာ။ အလုပ်အကိုင် ရှားပါးတော့ သောင်ပြင်တွေ ပင်လယ်တွေဆီ သွားရှာကြတာပါ၊ ၃ ယောက်တောင် သေတယ်။”

ဂုံးကောက်ပြီး ရွာသို့ ပြန်လာစဉ် လေပြင်းတိုက်ခတ်၍ စက်လှေ နစ်မြုပ်ခဲ့ရာ ဦးမောင်အေးကြည် (၅၇) နှစ်၊ ဒေါ်ပုမချေ (၅၃) နှစ်နှင့် ဒေါ်အေးအေးသိန်း (၄၂) နှစ်တို့ ရေစီးနှင့်အတူ မျောပါပျောက်ဆုံးခဲ့ပြီး ကျန် ၉ ဦးမှာ နိုဝင်ဘာ ၇ ရက်၊ ည ၈ နာရီခန့်တွင် အဖိုးပြင်ကျေးရွာသို့ ပြန်လည်ရောက်ရှိခဲ့သည်။

ပျောက်ဆုံးသွားသူများကို မိသားစုဝင်များနှင့် မြို့နယ်ဒီလပ်တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ လိုက်လံရှာဖွေခဲ့ရာ နိုဝင်ဘာ ၈ ရက် နံနက် ၁၀ နာရီခန့်တွင် ဒေါ်ပုမချေ၏ ရုပ်အလောင်း၊ မွန်းလွဲ ၂ နာရီခန့်တွင် ဦးမောင်အေးကြည်၏ ရုပ်အလောင်းနှင့် နိုဝင်ဘာ ၉ ရက် နံနက် ၈ နာရီခန့်တွင် ဒေါ်အေးအေးသိန်း၏ ရုပ်အလောင်းတို့ကို အသီးသီး ပြန်လည်တွေ့ရှိခဲ့ရသည်။

လက်ရှိတွင် အာရက္ခကမ်းရိုးတန်း တစ်လျှောက်၌ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး ပင်လယ်ပြင် လှိုင်းကြီး နိုင်သဖြင့် ငါးဖမ်းရေလုပ်သားများနှင့် ပင်လယ်ရေကြောင်း ခရီးသွားလာသူများအနေဖြင့် ရာသီဥတုအခြေအနေ ကို အနီးကပ်စောင့်ကြည့်ကာ လှိုင်းလေပြင်းထန်ချိန် ပင်လယ်ပြင်သို့ ထွက်ခွာခြင်း မပြုကြရန် သတိပေးမှုများ လည်း ရှိနေသည်။

ပုံစာ – (စက်လှေနစ်မြုပ်ကာ သေဆုံးသွားသူ။ / ဓာတ်ပုံ – Original uploader)