EU နိုင်ငံအချို့ ဒရုန်း အန္တရာယ် သတိပေးချက်ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်။

ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများဖြစ်သော လတ်ဗီးယားနှင့် လစ်သူယေးနီးယားနိုင်ငံတို့တွင် ဒရုန်းအန္တရာယ် သတိပေးချက်များ ထုတ်ပြန်ထားပြီး၊ ဖင်လန်နိုင်ငံတွင်လည်း လေကြောင်းနှင့် ရေကြောင်းဆိုင်ရာ ကန့်သတ်ချက်များ စတင်ချမှတ်လိုက်ပြီဖြစ်သည်။

ရုရှားနှင့် ဘီလာရုစ်နိုင်ငံတို့ဘက်မှ အမည်မသိ ဒရုန်းများ ဝင်ရောက်လာနိုင်ခြေရှိသည့်အတွက် လတ်ဗီးယားနှင့် လစ်သူယေးနီးယား အစိုးရတို့က ဒေသခံပြည်သူများအား အမိုးအကာနှင့် အကာအကွယ်ရှိရာနေရာများသို့ ခိုလှုံကြရန် ဗုဒ္ဓဟူးနေ့တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ၏ လေကြောင်းကာကွယ်ရေး တိုက်လေယာဉ်များကိုလည်း အရေးပေါ် ဖြန့်ကြက်ထားလိုက်သည်။

ယခုအချိန်အထိ ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာ မရှိသေးကြောင်း သိရသော်လည်း လစ်သူယေးနီးယားနိုင်ငံ အကျပ်အတည်း စီမံခန့်ခွဲရေးအာဏာပိုင်များ၏ သတိပေးချက်နယ်ပယ်တွင် လူဦးရေ သုံးသိန်းခန့် နေထိုင်သည့် နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ကောင်းနတ်စ် (Kaunas) မြို့အထိ အကျုံးဝင်လျက်ရှိသည်။

အလားတူ ရုရှား၏ အိမ်နီးချင်း ဖင်လန်နိုင်ငံကလည်း အရှေ့ဘက် ဖင်လန်ပင်လယ်ကွေ့အတွင်း လေကြောင်းနှင့် ရေကြောင်းဆိုင်ရာ ယာယီကန့်သတ်ချက်များကို ဗုဒ္ဓဟူးနေ့တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။

ယင်းလုပ်ဆောင်ချက်သည် ပြည်သူများ၏ လုံခြုံရေးကို အာမခံရန်နှင့် ဒရုန်းအန္တရာယ်များကို ထိန်းချုပ်နိုင်ရန်အတွက် ကြိုတင်ကာကွယ်ရေး အစီအမံတစ်ခုဖြစ်ကြောင်း ဖင်လန်စစ်ဘက်က တရားဝင် ထုတ်ပြန်ထားသည်။

ယူကရိန်း၏ စစ်ဘက်သုံး ဒရုန်းများသည် ရုရှား၏ အီလက်ထရောနစ် စစ်ဆင်ရေး နှောင့်ယှက်မှုများကြောင့် လမ်းကြောင်းလွဲမှားကာ NATO အဖွဲ့ဝင် အိမ်နီးချင်းနိုင်ငံများ၏ လေကြောင်းပိုင်နက်များအတွင်းသို့ ကျူးကျော်ဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။