ဧရာဝတီတိုင်း ရေကြည်မှတစ်ဆင့် ရခိုင်ရိုးမပေါ် စစ်အုပ်စုတပ် ထိုးစစ်ဆင်၍ တိုက်ပွဲပြင်းထန်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်။

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြောက်စမ်းကျေးရွာရှိ အမြောက်တပ် (အမတ ၃၄၄) တပ်ရင်းကို စစ်အုပ်စုတပ်က အင်အားဖြည့်တင်းကာ ရိုးမတောင်ခြေဘက်သို့ စစ်ကြောင်းထိုးလာခြင်းကြောင့် နှစ်ဖက် ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ အမြောက်တပ်ဝန်းကျင်တွင် တိုက်ပွဲမရှိဘဲ ငြိမ်သက်နေခဲ့သည်မှာ သုံးပတ်ခန့် ရှိပြီဖြစ်သော်လည်း စစ်အုပ်စုတပ်က အမတ ၃၄၄ သို့ အင်အားများ တိုးချဲ့ချထားကာ ရိုးမတောင်ဘက်သို့ ထိုးစစ်ဆင်လာခြင်း ကြောင့် တိုက်ပွဲများ ပြန်လည် စတင်လာခြင်း ဖြစ်သည်။

ရေကြည် ဒေသခံ စစ်ရေး သတင်းရင်းမြစ် အမျိုးသားတစ်ဦးက “အမြောက်တပ်ဝန်းကျင်ကျေးရွာတွေကို အဝင် အထွက် တင်းကျပ်ထားတာ။ အောက်တိုဘာလ လယ်ပိုင်းလောက်ကတည်းက စစ်တပ် လှုပ်ရှားမှု လုပ်လာ တယ်။ မြောက်စမ်းရွာ၊ ဂွေတောက်ရွာဘက်ကနေ ရခိုင်ရိုးမကို ငသိုင်းချောင်း-ဂွလမ်းအတိုင်း ကျော်ဖို့ လုပ် တယ်။ မရတော့ ရိုးမသစ်ထုတ်လုပ်ရေးလမ်းအတိုင်း တက်လာလို့ တိုက်ပွဲဖြစ်တယ်။ အေအေနဲ့ ပူးပေါင်းတပ် တွေက ပြီးခဲ့တဲ့လတွေက အမြောက်တပ်နားအထိ ကပ်ခဲ့ပြီးမှ ပြန်ဆုတ်၊ ပြန်တက် လုပ်နေတဲ့အချိန် အမြောက် တပ်မှာ အင်အားဖြည့်ပြီး တက်ထိုးတာပါ” ဟု ပြောသည်။

မြောက်စမ်းကျေးရွာရှိ အမြောက်တပ် (အမတ ၃၄၄) တပ်ရင်းအတွင်း၌ ဖျာပုံမြို့အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ-၉၈)၊ ဓနုဖြူအခြေစိုက် (ခလရ-၁၀၈)၊ တပ်မ (၆၆) လက်အောက်ခံ (ခလရ-၁၄) တပ်ရင်းတို့အပြင် ပုသိမ်အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ခံ တပ်ရင်းများ၊ ကျုံပျော် (ခလရ-၃၆) နှင့် ဟင်္သာတ (ခလရ-၁၈) တပ်များမှ အင်အား ၄၀၀ ကျော်ခန့် တပ်စွဲထားသည်။

အမတ (၃၄၄) တပ်ရင်းမှ ထွက်လာသော စစ်ကြောင်းအချို့သည် နိုဝင်ဘာ ၇ ရက်မှစတင်ကာ ရခိုင်ရိုးမ၊ ဂွမြို့နယ်ဘက်သို့ ထိုးစစ်ဆင်ရန် ကြိုးပမ်းလာခြင်းဖြစ်ပြီး အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်များက ပိတ်ဆို့ တိုက်ခိုက်မှုများ ပြုလုပ်နေသည်။

ထို့ပြင် စစ်အုပ်စုဘက်ကလည်း တပ်ရင်းအတွင်းမှနေ၍ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခြင်းနှင့် လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်းများ ရှိနေသောကြောင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေခြင်း ဖြစ်သည်။

စစ်အုပ်စုတပ်သည် ရေကြည် အမြောက်တပ်ကို ကာကွယ်ရန်အတွက် သာပေါင်း-ရေကြည် အစပ်မှတစ်ဆင့် အမြောက်တပ် အနောက်ဘက်အခြမ်းသို့ စစ်အင်အားများ ဆက်တိုက် ဖြည့်တင်းခဲ့ပြီး ရိုးမပေါ်သို့ စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။

ရေကြည်မြို့သို့ ရခိုင်ပြည်နယ်ဘက်မှ ရောက်ရှိနေသည့် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက “မြောက်စမ်းရွာ ဘက်က သွားလို့မရတာ နှစ်လနီးပါး ရှိပါပြီ။ အခုရက်ပိုင်း ရိုးမပေါ်က ပစ်ခပ်သံတွေ ကြားရတယ်။ အေအေက ကာကင်း နှစ်ခုလောက် သိမ်းထားတာကို စစ်တပ်က ပြန်တိုက်ယူနေတယ်လို့ ကြားရတယ်။ ကျမတို့လည်း အပတ်စဉ် ဧည့်စာရင်း တိုင်ရတယ်။ ဧရာဝတီရောက် ရခိုင်တွေ ရိုးမနားမှာ ငါးရှာ၊ ဖားရှာ၊ မျှစ်တူးတာ တွေ့ လို့ကတော့ ချက်ချင်းဖမ်းတာ လှောင်ပိတ်သလို ဖြစ်နေတယ်။ ဒေသခံရခိုင်တွေကလည်း စစ်ရှောင်တွေဘက်က မရပ် တည်ရဲဘူးလေ။ အခု စစ်သားတွေထဲမှာ ရခိုင်တွေပါတယ်၊ စစ်မှုထမ်းတပ်သားသစ်ထဲမှာတော့ သိပ်မတွေ့ ရဘူး” ဟု လက်ရှိ မြေပြင်အခြေအနေကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ဒုတိယအပတ်အထိ စစ်အင်အားနှင့် လက်နက်ခဲယမ်း အပြည့်အစုံ တင်လာသည့် စစ်အုပ်စုတပ်၏ စက်ယန္တရားများနှင့် စစ်သုံးကားများသည် ရန်ကုန်မှ ပုသိမ်ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) သို့ ဝင်ရောက်ခဲ့ပြီးနောက် ဧရာဝတီတိုင်းအတွင်း အရှိန်အဟုန်မြှင့် အင်အားဖြည့်တင်းမှုများ ဆောင်ရွက် လာခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ – (စစ်အုပ်စုတပ်၏ စစ်ယာဉ်တန်းတစ်နေရာကို တွေ့ရစဉ်။ ပုံဟောင်း / ဓာတ်ပုံ – Original uploader)