ယူကရိန်းတံတားကြီးများကို တိကျစွာ ပစ်ခတ်နိုင်ရန် ရုရှားက အစ္စကန်ဒါ ဒုံးကျည်များကို အဆင့်မြှင့်တင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်။

ယူကရိန်းနိုင်ငံ၊ ဒနီပရိုမြစ်တစ်လျှောက်ရှိ အဓိက တံတားကြီးများကို ပိုမိုတိကျစွာ ထိမှန်စေရန် ရုရှားတပ်ဖွဲ့များသည် အစ္စကန်ဒါ (Iskander) တာတိုပစ် ပဲ့ထိန်းဒုံးကျည်များတွင် ပစ်မှတ်ရှာဖွေရေး စနစ်အသစ်များ တပ်ဆင်၍ အဆင့်မြှင့်တင်လိုက်သည်။

လာမည့် ဆောင်းရာသီမတိုင်မီ ဒနီပရိုမြစ် နှစ်ဖက်ကမ်းကြားရှိ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းများကို ဖြတ်တောက်ရန်နှင့် ယူကရိန်းမြို့ကြီးများ၏ လူနေမှုအခြေအနေ ပိုမိုခက်ခဲစေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းမှစ၍ ရုရှားသည် ကိယက်ဗ်မြို့တော် အပါအဝင် မြို့ကြီးများရှိ တံတားများနှင့် လျှပ်စစ်ဓာတ်အားပေးစနစ်များကို ဒရုန်းများဖြင့် ဆက်တိုက် တိုက်ခိုက်ခဲ့သည်။ သို့သော် ယူကရိန်းဘက်က အီလက်ထရွန်နစ် စစ်ဆင်ရေးနည်းပညာများဖြင့် ဒရုန်းအချက်ပြ စနစ်များကို ကြားဖြတ်ဟန့်တားနိုင်ခဲ့သဖြင့် ရုရှားဘက်က တံတားများကို ထိရောက်စွာ မဖျက်ဆီးနိုင်ခဲ့ပေ။

ထို့ကြောင့် ရုရှားသည် ဗျူဟာပြောင်းလဲကာ အသံထက် ၆ ဆ မြန်ဆန်ပြီး ပေါက်ကွဲအားပြင်းထန်သည့် အစ္စကန်ဒါ ဒုံးကျည်များကို အသုံးပြုလာခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် ပဲ့ထိန်းဒုံးကျည်များသည် ကမ္ဘာ့ဆွဲအားအတိုင်း ကျဆင်းချိန်တွင် ပစ်မှတ်လွဲချော်တတ်သဖြင့် တံတားကဲ့သို့ ကျဉ်းမြောင်းသည့် ပစ်မှတ်များကို ထိမှန်ရန် ခက်ခဲသည်။

အဆင့်မြှင့်တင်ထားသည့် ဒုံးကျည်အသစ်များတွင်မူ ရေဒါနှင့် အလင်းအာရုံခံစနစ်များ ပါဝင်လာပြီး ပစ်မှတ်ဆီ ကျဆင်းခါနီး စက္ကန့်ပိုင်းအလိုတွင် လမ်းကြောင်းကို ကိုယ်တိုင်ပြန်လည် ထိန်းညှိနိုင်စွမ်း ရှိလာသည်။

ယင်းနည်းပညာကြောင့် ပစ်မှတ်ကို မီတာအနည်းငယ်အတွင်း တိကျစွာ ထိမှန်နိုင်ပြီ ဖြစ်သည်။

#Iskander