ပြည််နယ် အချို့တွင် Starlink အင်တာနက်စက်များ အပိတ်ခံရ

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်။

မြေပြင်ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံထားရသည့် ရှမ်းပြည်မြောက်ပိုင်း၊ ကချင်၊ ရခိုင်နှင့် ကရင်နီပြည် တို့တွင် ဆက်သွယ်ရေးအတွက် တစ်ခုတည်းသော အားထားရာဖြစ်သည့် စတားလင့် (Starlink) ဂြိုဟ်တု အင် တာနက်စက်များ နိုဝင်ဘာ ၁၈ ရက်နေ့၊ နံနက်ပိုင်းမှစတင်ကာ အစုလိုက်အပြုံလိုက် ဝန်ဆောင်မှု ဖြတ်တောက်ခံ လိုက်ရသည်။

ယခုတစ်ကြိမ် ပိတ်ပင်ခံရမှုတွင် အကောင့်အတည်ပြုချက် (ID Verification) မအောင်မြင်သေးသည့် စက်များ သာမက ID အတည်ပြုပြီးသားနှင့် တစ်နှစ်ကျော်ကြာ ပုံမှန်အသုံးပြုနေသည့် စက်များပါ ပါဝင်နေသည်။

အဆိုပါစက်များကို “Travel Registration is Incomplete”၊ “Outside Your Account Country” နှင့် “Travel Restricted” (“စာရင်းသွင်းမှု ပြည့်စုံခြင်းမရှိ”၊ “သင့်အကောင့်ရှိရာ နိုင်ငံပြင်ပတွင်ရောက်ရှိနေ”၊ “ခရီးသွားလာမှု ကန့်သတ်ထား”) စသည့် အကြောင်းပြချက်များဖြင့် ဝန်ဆောင်မှု ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

စတားလင့်အင်တာနက် အသုံးပြုနေသည့် ရှမ်းမြောက်နှင့် ကချင်အစပ်ရှိ ဒေသခံတစ်ဦးက “လက်ရှိ Starlink စက်တွေ ပိတ်ခံနေရတဲ့ အခြေအနေကို ကြည့်ရင် တော်တော်လေး စိုးရိမ်စရာ ကောင်းလာပါတယ်။ ၁ နှစ်ကျော် အသုံးပြုလာပြီး ID Completed ဖြစ်ထားတဲ့ စက်တွေတောင် ပိတ်ခံနေရပါတယ်။ ဒါဆို ဘယ်လိုလုပ်ရင် ကြိုတင်ကာကွယ်နိုင်မလဲလို့ မေးလာရင်တော့ လက်ရှိအခြေအနေမှာ ဘုရားတပြီး သုံးပါလို့ပဲ ပြောရမယ်” ဟု ပြောသည်။

Starlink ကုမ္ပဏီ၏ ရက် ၃၀ ခရီးသွားလာမှု မူဝါဒ (30 Days Travel Policy) နှင့် ကိုက်ညီမှုမရှိဟူသော အကြောင်းပြချက်ဖြင့် ယခုကဲ့သို့ ပိတ်ပင်နေခြင်းဖြစ်သော်လည်း ကုမ္ပဏီဘက်ကမူ တရားဝင် ရှင်းလင်းချက် ထုတ်ပြန်ခြင်း မရှိသေးပေ။

မြစ်ကြီးနားဒေသခံအမျိုးသား တစ်ဦးက “ကျနော်တို့အိမ်က ယူထားတာတော့ ဘာမှမဖြစ်ဘူး။ တခြားအသိတွေ အိမ်တချို့ဖြစ်တာ ကြားတယ်။ အရင်တစ်ခါလည်း အဲ့လိုပဲ ပိတ်ခံရတဲ့စက်တွေကတော့ အခုထိသုံးမရတော့တာ မျိုးလည်း ရှိတယ်။ အခုလည်း စိတ်ပူနေရတယ် ဘယ်နေ့ ကိုယ့်စက်ထိမလဲဆိုပြီး” ဟု ပြောသည်။

စစ်အုပ်စုတပ်၏ မြေပြင်ဖုန်းလိုင်းနှင့် အင်တာနက်ဖြတ်တောက်မှုများကြောင့် သတင်းအချက်အလက် စီးဆင်း ရေးနှင့် ပြည်သူများ၏ နေ့စဉ်လူမှုဘဝ ဆက်သွယ်ရေးအတွက် စတားလင့်ကိုသာ အဓိက အသက်သွေးကြော အဖြစ် အားထားနေရခြင်းဖြစ်သည်။

တစ်ဖက်တွင်လည်း နယ်စပ်ဒေသများနှင့် တောတောင်များအတွင်း အခြေစိုက်လှုပ်ရှားနေသည့် အွန်လိုင်းငွေလိမ် ဂိုဏ်း (ကျားဖြန့်) များက စတားလင့်စက်များကို ဈေးကြီးပေး ဝယ်ယူအသုံးပြုနေခြင်းကြောင့် အမေရိကန် ကုမ္ပဏီဘက်က မြန်မာနိုင်ငံအပေါ် စည်းကမ်းချက်များ ပိုမိုတင်းကျပ်လာခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။

ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်များကို အကူအညီပေးနေသူ တစ်ဦးက“စတားလင့်ဆိုတာက အမေရိကန်ကုမ္ပဏီပိုင် ဖြစ်တယ်လေဗျာ။ အားလုံးသိပြီးသားပဲ။ အမေရိကန်က ထုတ်တဲ့စတားလင့်တွေကို သုံးပြီး အမေရိကန်နိုင်ငံသားတွေကို ဒေါ်လာဘီလီယံနဲ့ချီ ကျားဖြန့်တွေ လိမ်လည်သွားတာပါ။ မနေ့ တနေ့ကပဲ အမေရိကန်သံရုံးကတောင် ထုတ်ပြန်ထားသေးတယ်။ ကျားဖြန့်နေရာတွေ ပြပေးနိုင်ရင် ဆုငွေပေးမယ်ဆိုတာ မျိုး အဲ့ဒါပြီးနောက်ရက်ပဲလေ စက်တွေပိတ်ခံရတာ။ အသေချာဆုံး ပြောရရင် ကျားဖြန့်ရှိနေသေးသ၍ စတား လင့်က ဘာမှ မသေချာမရေရာ သေးဘူးပဲ ပြောရမယ်ထင်ပါတယ်” ဟု ပြောသည်။

အလားတူ ရခိုင်ပြည် မြောက်ဦးမြို့နယ်အပါအဝင် ပြည်နယ်တစ်ဝန်း၌လည်း နှစ်ရှည်အသုံးပြုနေသည့် ID အတည်ပြုပြီးသား စက်များပါမကျန် စက်အချို့ ဝန်ဆောင်မှု ဖြတ်တောက်ခံနေရကြောင်း ရခိုင်ဒေသအခြေစိုက် Western News သတင်းဌာနက ဖော်ပြသည်။

လက်ရှိတွင် တိုက်ပွဲပြင်းထန်နေသည့် ဒေသများအတွင်း စတားလင့်စက်များ ဆက်တိုက် အပိတ်ခံနေရခြင်း ကြောင့် ဒေသခံပြည်သူများအကြား ဆက်သွယ်ရေး လုံးဝပြတ်တောက်သွားမည်ကို စိုးရိမ်ပူပန်မှုများ မြင့်တက် လျက်ရှိပြီး လုပ်ငန်းသုံးနှင့် တစ်ပိုင်တစ်နိုင် အင်တာနက်ဝန်ဆောင်မှု ပေးနေသူများလည်း အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

ပုံစာ – မြဝတီမြို့နယ်ရှိ KK Park အွန်လိုင်းငွေလိမ်စင်တာ အဆောက်အအုံတစ်ခု၏ ခေါင်မိုးပေါ် တွင် တပ်ဆင် ထားသော Starlink ဂြိုဟ်တုစလောင်းကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်ဘက်ခြမ်းမှ လှမ်းမြင်ရစဉ်။ / (ဓာတ်ပုံ – AFP)