ပြင်းထန်ဝမ်းရောဂါဖြစ်ပွားနေသည့် ရခိုင်ရှိ မြို့နယ်များတွင် အိမ်တိုင်ရာရောက် ကာကွယ်ဆေးတိုက်ကျွေးမည်

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။

ရခိုင်ပြည်ရှိ မြို့နယ်အချို့တွင် ပြင်းထန်ဝမ်းရောဂါ ခေါ် ကာလဝမ်း (Cholera) ဖြစ်ပွားနေသောကြောင့် အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ၏ ကျန်းမာရေးဌာနက ဦးဆောင်၍ အိမ်တိုင်ရာရောက် ဝမ်းရောဂါတုံ့ပြန်ကာကွယ်ဆေး (OCV) တိုက်ကျွေးသွားမည် ဖြစ်သည်။

နိုဝင်ဘာလ ၂၄ ရက်နေ့က ထုတ်ပြန်သည့် အာရက္ခတပ်တော် (AA) ၏ ကြေညာချက်အရ မောင်တော၊ ဘူးသီး တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ အမ်းနှင့် ပလက်ဝမြို့နယ်များတွင် ၂၀၂၆ ခုနှစ် နှစ်ကုန်ခါနီး ကာလ အတွင်း အိမ်တိုင်ရာရောက် တိုက်ကျွေးသွားရန် လျာထားပြီး တိုက်ကျွေးမည့်ရက်၊ အချိန်နှင့် နေရာတို့ကို အနီးကပ် ကြေညာသွားမည်ဟု ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်ကာလအတွင်း အာရက္ခဒေသရှိ မြို့နယ်အချို့၌ ပြင်းထန်ဝမ်းရောဂါဖြစ်ပွားမှုကြောင့် လူနာများထဲမှ သေဆုံးမှုအချို့ရှိခဲ့ပြီး ဝမ်းနမူနာအချို့ကို Rapid Diagnostic Test ဖြင့် စစ်ဆေးခဲ့ရာ ပြင်းထန် ဝမ်းရောဂါဖြစ်ကြောင်း တွေ့ရှိရသည်ဟု AA က ဆိုထားသည်။

ရခိုင်ပြည်မြောက်ပိုင်းရှိ ဆရာဝန်တစ်ဦးက “စစ်ရှောင်စခန်းတွေမှာလည်းတွေ့တယ်၊ Cholera လို့ပြောလို့ရ တယ်။ သောက်သုံးရေနဲ့ အိမ်သာက အဓိက ဂရုစိုက်ရမှာပေါ့၊ တစ်ကိုယ်ရေသန့်ရှင်းမှုဆိုတာကလည်း ရေလိုတယ်၊ အသိပညာလိုတယ်၊ အသက်တစ်နှစ်အရွယ်ကစပြီး ကာကွယ်ဆေးတွေ တိုက်ကျွေးသွားမှာပါ” ဟု ပြောသည်။

လက်ရှိ အခြေအနေအရ အာရက္ခဒေသတွင် စစ်ဘေးဒဏ်များနှင့်အတူ ရွှေ့ပြောင်းနေထိုင်သူ များပြားခြင်း၊ ရေကောင်းရေသန့် ရရှိမှု နည်းပါးခြင်းနှင့် အိမ်သာသုံးစွဲမှုနည်းပါးခြင်းတို့ကြောင့် ပြင်းထန်ဝမ်းရောဂါ ဖြစ်ပွားနိုင် ခြေ မြင့်တက်နေခြင်းဖြစ်သည်။

ရခိုင်တောင်ပိုင်းဒေသခံအမျိုးသမီးတစ်ဦးက “ကျမတို့ ရခိုင်တောင်ပိုင်းမှာလည်း သတိထားရပါတယ်။ ရာသီ အကူးအပြောင်းမှာ ဝမ်းရောဂါတွေဖြစ်တယ်၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပလက်ဝ မြို့နယ် တွေမှာ ဖြစ်နေတာကြားရတယ်။ အေအေက ဆေးပေးပြီး ကုသတွေလုပ်နေတာလည်း ကြားရတယ်၊ ကျမတို့ ဘက်လည်း လာမယ်။ အဓိက ရေလုံလောက်ဖို့နဲ့ အိမ်သာသုံးစွဲဖို့လိုတယ်၊ အသိပေးရမယ်” ဟု ပြောသည်။

မသန့်ရှင်းသော အစားအစာနှင့် ရေကို စားသောက်မိခြင်း၊ ပြင်းထန်ဝမ်းရောဂါရှိသူ၏ မစင်၊ အန်ဖတ်များနှင့် တိုက်ရိုက်ထိတွေ့မိခြင်း သို့မဟုတ် ထိစပ်နေသည့် ပစ္စည်းများနှင့် ထိမိခြင်း၊ ပြင်းထန်ဝမ်းရောဂါဖြင့် သေဆုံးသူ အား ထိမိခြင်းတို့မှတစ်ဆင့် ကူးစက်နိုင်သောကြောင့် ဝမ်းရောဂါတုံ့ပြန်ကာကွယ်ဆေး (OCV) ကို အသုံးပြုရန် AA က ထုတ်ပြန်ထားသည်။

ထို့ကြောင့် အာရက္ခပြည်သူ့ကျန်းမာရေးဌာန ဦးဆောင်မှုဖြင့် ဒေသတွင်း လူမှုအဖွဲ့အစည်းများနှင့် စေတနာ့ ဝန်ထမ်းများက လူနာများအား ဆေးကုသပေးခြင်း၊ အသိပညာပေးခြင်း၊ သောက်သုံးရေများကို ကလိုရင်းခတ် ခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ ဖြန့်ဝေခြင်းတို့ကို လုပ်ဆောင်နေကြသည်။

ပုံစာ – ပြင်းထန်ဝမ်းရောဂါ ဖြစ်ပွားနေသည့် ရခိုင်ဒေသအတွင်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကာကွယ်ရေး လုပ်ငန်း အတွက် အသိပေးစာ။ / ဓာတ်ပုံ – Original uploader