TNLA နှင့် RCSS မိုင်းလားတွင်တွေ့ဆုံရန်ပျက်ပြယ်
သတင်းနှင့်မီဒီယာကွန်ယက်။
မေလ ၁၄ ရက်နေ့။ ၂၀၁၆ ခုနှစ်။
ရှမ်းပြည်နယ်၌ ဖြစ်ပေါ်နေသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး PSLF အဖွဲ့တို့၏ ပြသနာများ တွေ့ဆုံဖြေရှင်းနိုင်ရန် ကြားဝင်ဆောင်ရွက်ပေးနေသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ခေါင်းဆောင်များ မေလ ၁၃ ရက်နေ့က ထိုင်းနိုင်းငံချင်းမိုင်မြို့တွင် RCSS ခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဆွေးနွေးမှုတွင် ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးနေသည့် UNFC အဖွဲ့မှ ခေါင်းဆောင်များက TNLA နှင့် RCSS နှစ်ဖက်ခေါင်းဆောင်များ အမြန်ဆုံး လူချင်းတွေ့ဆုံညှိနှိုင်းဖြေရှင်းကြဖို့ တိုက်တွန်းပြောဆိုခဲ့သည်ဟု သိရသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့မှ ဧပြီလ ၂၃ ရက်နေ့က အထူးဒေသ ၄ ဖြစ် သည့် NDAA-ESS မိုင်းလားဒေသတွင် တွေ့ဆုံဆွေးနွေးမည်ဟု ပလောင်အမျိုးသား လွတ်မြောက် ရေး တပ်ဦး TNLA အဖွဲ့၏ အဆိုပြုလာမှုကို သဘောတူ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း အကြောင်းပြန်ကြားခဲ့မှုကို မေလ ၁ ရက်နေ့တွင် အဖြေပေးမည်ဟု ပြောဆိုလာခဲ့ပေမယ့် မေလ ၁ ရက်နေ့တွင် RCSS တပ်ဖွဲ့များနှင့် TNLA တပ်ဖွဲ့များ အပြင်းအထန် တိုက်ပွဲပြန်လည်ဖြစ်ပွား ခဲ့ကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်ဟု သိရသည်။
ယင်းအခြေအနေများကြောင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့အနေနှင့် ထိုင်းနိုင်ငံ သို့မဟုတ် ထိုင်းမြန်မာနယ်စပ်မှာ TNLA တပ်ဖွဲ့တွေနဲ့ တွေ့ဆုံညှိနှိုင်းမှာဖြစ်ကြောင်း UNFC ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲတွင် အကြောင်းပြန်ကြားခဲ့သည်ဟု RCSS အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလ က ပြောသည်။
အရင်တုန်းကတော့ ကျနော်တို့ တွေ့ဆုံဖို့ ကျနော်တို့ ပြောထားပြီးသားဖြစ်တယ် ဒီ ဧပြီလ ကုန်ရင်နော် မေလဆန်း ၁ ရက် အကြောင်းပြန်ကြားပေးပါမယ် ဆိုပြီးတော့ ပြောလာတယ် သို့ပေမယ့်လည်း ၁ ရက်နေ့မှာ စစ်အင်အားနဲ့ အလုံးအရင်း ကျနော်တို့ကို ဝင်တိုက်လိုက်တော့ ဒီကိစ္စကတော့ ရပ်တန့်သွားတယ်၊ ဒါပေမယ့် အကျိုးအကြောင်းတွေ သိအောင်တော့ ညှိနှိုင်းဖို့ လိုအပ်ပါတယ် အဲ့ဒါကိုလည်း ကျနော်တို့ လက်ခံတယ် လက်ခံနေတဲ့ကြားကပဲ စစ်အင်အားနဲ့ ဝင်တိုက် ဝင်တိုက်နေတော့ ဘယ်လိုလုပ်ပြီး သွားတွေ့ကြမလဲ ဒီ ထိုင်းမြန်မာနယ်စပ်မှာတော့ ဘယ်နေရာမဆို ဘယ်အချိန်မှာမဆို တွေ့ဆုံဖို့ အသင့်ဖြစ်ပါတယ်ဆိုတာကိုလည်း ကျနော်တို့ နဂိုကတည်းက ပြောထားတဲ့ အတိုင်းပါပဲပေါ့နော် အခုလောလောဆယ်တော့ မိုင်းလားကို သွားဖို့တော့ ကျနော်တို့က လူကြီးတွေက ဒီတိုက်ပွဲပြန်ဖြစ်တဲ့အတွက်ကြောင့် မသွားနိုင်သေးဘူးပေါ့နော်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့က ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးနေသည့် ခေါင်းဆောင်တွေက လက်ရှိဖြစ်ပွားနေသည့် ပြသနာများကို ခေါင်းဆောင် အချင်းချင်း လူချင်းတွေ့ဆုံပြီး အမြန်ဆုံးဖြေရှင်းမှသာ ပြေလည်မှု ရရှိမှာဟု တိုက်တွန်းခဲ့ပြီး RCSS အဖွဲ့အနေနှင့် မူလသဘောတူညီမှု ပေးထားသည့် မိုင်းလားဒေသတွင် တွေ့ဆုံဆွေးနွေးမှုမှာ ဖြစ်နိုင်တော့မည်မဟုတ်ဟု ငြင်းဆိုခဲ့ကြောင်း သိရသည်။
မေလ ၁၃ ရက်နေ့ က တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးမှုတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့မှ အထွေထွေအတွင်းရေးမှူး ခူးဦးရယ် ဦးဆောင်၍ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့မှ ဗိုလ်မှူးကြီး စိုင်းလ တို့ ဦးဆောာင်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS အဖွဲ့နှင့် ပလောင်အမျိုးသားလွတ်မြောက်ရေး တပ်တော် TNLA အဖွဲ့နှစ်ဖွဲသည် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ကစ၍ နှစ်ဖက် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုများ အများအပြားရှိခဲ့ပြီးနောက်ပိုင်း ခေတ္တာရပ်တန့်သွားခဲ့ သော်လည်း မေလ ၁ ရက်နေ့မှစ၍ ဒုတိယအကြိမ် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားနေခြင်း ဖြစ်သည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့သည် သမ္မတ ဦးသိန်းစိန်း အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချူပ် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး PSLF/TNLA တပ်ဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ကို ယခုအစိုးရသစ်နှင့် ဆောင်ရွက်နိုင်ရန် ပြင်ဆင်နေသည့်အဖွဲ့ဖြစ်သည်။