ထိုင်းငါးဖမ်းလှေပေါ်တွင် ရောင်းစားခံထားရသည့် မြန်မာနိုင်ငံသား ၁၃ ဦး လွတ်မြောက်
သတင်းနှင့်မီဒီယာကွန်ယက်။
မေလ ၁၆ ရက်နေ့၊ ၂၀၁၆ ခုနှစ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ကီလိုမီတာ ၇၀၀ ခန့်မှာရှိသည့် စူရတ်ဌာနီခရိုင်က ငါးဖမ်းစက်လှေ ပေါ်တွင် လူကုန်ကူးသူတွေကတဆင့် ရောင်းစားခံထားရသည့် မြန်မာနိုင်ငံသား ၁၃ ယောက်ကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT နှင့် ထိုင်းလူကုန်ကူးမှုတားစီးနှိမ်နင်ရေးအဖွဲ့များ ပူးပေါင်းပြီး ကယ်တင်နိုင်ခဲ့သည်။
ထိုင်းငါးဖမ်းလှေနှစ်စီးပေါ်မှ မေလ ၁၅ ရက်နေ့တွင် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI၊ လူကုန်ကူးမှုအထူးတားစီးနှိမ်နင်ရေးရဲတပ်ဖွဲ တို့နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံသား ၁၃ ဦးကို ကယ်တင် နိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ MAT မှ ဒါရိုက်တာ ဦးကျော်သောင်း မှ ယခုလို ပြောသည်။
သူတို့က ငါးဖမ်းလှေပေါ်မှာရှိတယ် သူတို့ ကျနော်တို့ အကူအညီတောင်းခဲ့တာက ပြီးခဲ့တဲ့ ဧပြီလ ကတည်းက အကူအညီတောင်းခဲ့တာ။ အဲ့ဒါ မနေ့ မနက်ပိုင်းမှာ အဲ့ဒီဖနွန်ကို ရောက်ပြီး DSI အကြီးဆုံး ကို အကြောင်းကြားတယ် မွန်လွဲ ၂ နာရီလောက်မှာ စပီဘုတ် နဲ့ သွားပြီးတော့မှ ပင်လယ်ပြင်ကို ထွက်ခွါခါးနီး သင်္ဘောနှစ်စီးကို ကျောက်ချထားတဲ့ ပင်လယ်၀ ကနေပြန်ခေါ် သွင်းလားနိုင်တယ်။ အဲ့ဒီ သူတို့ရဲ့ လှေဆိပ်ကို ရောက်တဲ့အခါမှာ အလုပ်သမားတွေ ကျနော် ခေါ်ထုတ်တာပေါ့ ၊
ငါးဖမ်းလှေပေါ်မှ လွတ်မြောက်လာသည့် ၁၃ ဦးထဲတွင် အသက် ၂၁ မှ ၆၃ နှစ်အရွယ်အထိ ပါဝင်ကြပြီး အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှုတွေနဲ့ လုပ်ခလစာအပြည့်အဝမရကြသူများလည်း ပါဝင်သည်ဟု ထားဝယ်မြို့နယ်မှ လူပွဲစားတွေကတဆင့် ရောင်းစားခံထားရသည့် အသက် ၆၃ နှစ်အရွယ် ဦးလှမြင့် က ကိုယ်တိုင်ကြုံတွေ့ခဲ့ရမှုကို ပြောသည်။
ကျနော်တို့ ရောင်းစားခံရတဲ့သဘောပါ ကျနော်တို့ကို ဒီအရောက်ကို တစ်သောင်းနဲ့လေးထောင် ကျပါတယ်၊ ကော့သောင်းလမ်းကနေ ပို့ပါတယ်။ ပြောတာတော့ လှေအလုပ်ပါပဲ လှေအလုပ် ပေး မယ့် သူဌေးကောင်းကောင်းနဲ့ အလုပ်လည်းကောင်းတယ်၊ ကမ်းလည်း မဝေးဘူး အဲ့လောက် ဆို အသက်ကြီးပြီလေ ကျနော် ၆၃ နှစ်ရှိသွားပြီ အလုပ်မှာ တကယ်တော့ ပင်ပင်ပန်းပန်း လုပ်ရ ပါတယ်။ နှိပ်စက်တာပါပဲ လက်မှာ ကျနော် သံပုံးညှပ်လို့လည်း အလုပ်မနားရပါဘူး။ ကျနော်တို့ စလုပ်ခါစကဆိုရင် တစ်နေ့မှာ တစ်ရာပဲ ပေးပါတယ်။ ၁၅ ရက်တစ်ခေါက် လှေပြန်ဝင်လာရင် လည်း တစ်ရာ နှစ်ရာ ပဲ ပေးပါတယ်ခင်ဗျား။
မြန်မာနိုင်ငံသား ၁၃ ဦးကို ကယ်တင်ခဲ့ပြီးနောက် လှေပိုင်ရှင် သူဌေးက လုပ်ခလစာ တစ်လ ၇၅၀၀ ဘတ်နှုန်းနဲ့ စုစုပေါင်း ထိုင်းဘတ်ငွေ ၉ သိန်းကျော်ကို ၁ နှစ်မှ ၃ နှစ်အတွင် အခကြေးငွေမရပဲ အလုပ်လုပ်ခဲ့သည့် သက်တမ်းအလိုက် ပြန်လည်ပေးချေခဲ့သည်ဟု သိရသည်း
ငါးဖမ်းလှေပေါ်တွင် အလုပ်လုပ်ကိုင်စဉ် သူဌေးနှင့် ကြီးကြပ်သူများက သစ်သားတုတ်၊ သံရိုက်တူ၊ ကြိမ်လုံး စသည်များဖြင့် ထုရိုက်ခြင်းတွေအပြင် ထိုးကြိတ်ကန်ကျောက်ခြင်းများလည်း ကြုံခဲ့ရသည်ဟု ဦးကျော်သောင်း မှ ပြောသည်။
အဲ့ထဲမှာ နှိပ်စက်ညင်းပမ်းခံရတဲ့ ချင်းကောင်လေးတစ်ယောက်ဆိုရင် လက်ခုံကို စားပွဲပေါ်မှာ တူနဲ့ သုံးကြိမ် အင်အားပြင်းပြင်းနဲ့ သူဌေးရိုက်တာ ခံရတယ် ကျိုးမတက် ခံစားရတယ်တဲ့။ နောက်ပြီးတော့ ထွက်ပြေးလို့ဆိုပြီးတော့ ဒူးခေါင်းကို တူနဲ့ နှစ်ချက် ရိုက်ပစ်လိုက်တာ တခါတည်း ခွေလဲသွားတယ်တဲ့ အဲ့ဒါမျိုးခံစားရတဲ့လူရှိတယ် နောက်ပြီးတော့ သူ့မျက်စိ အောက်မှာပဲ ရက်ရက်စက်စက်သတ်တာတွေ မြင်ခဲ့ရသလို သူကိုယ်တိုင်လည်းပဲ နှစ်တစ်လက်မ တုတ်ကျိုးကျအောင် ခံခဲ့ရတဲ့လူတွေပါတယ်။
လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား ၁၃ ဦးကို မေလ ၁၇ ရက်နေ့တွင် ထိုင်း မြန်မာ နယ်စပ် မဲဆောက်မြို့မှ တဆင့် မြဝတီဘက်သို့ လွဲပြောင်းပို့ဆောင်ပေးသွားမည်ဖြစ်သည်ဟု ဦးကျော်သောင်း မှ ပြောသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့သည် ထိုင်းနိုင်ငံအတွင်း လူပွဲစားများမှ တဆင့် ရောင်းစားခံနေကြရသည့် မြန်မာနိုင်ငံသားများကို ထိုင်းလူကုန်ကူးမှု တားစီးနှိမ်နင်းရေး အဖွဲ့နှင့် ပူးပေါင်း၍ အခုနှစ် ၂၀၁၆ ခုနှစ်အတွင်း ၁၈ ကြိမ် မြန်မာနိုင်ငံသား ၁၆၇ ဦး ကယ်တင်နိုင် ခဲ့ပြီး လွန်ခဲ့သည်၂၀၁၅ ခုနှစ်အတွင်း တွင်လည်း ၂၃ ကြိမ် မြန်မာနိုင်ငံသား ၁၇၄ ယောက် ကို ကယ်တင်နိုင်ခဲသည်။