တိုင်းရင်းသားခေါင်းဆောင်များ ပင်လုံဆိုင်ရာညှိနှိုင်းစည်းဝေး

သတင်းနှင့် မီဒီယာ ကွန်ယက်။
ဇွန်လ ၀၈ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၃ ဖွဲ့မှ ထိပ်သီးခေါင်း ဆောင်များ ပင်လုံဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဇွန်လ ၇ ရက်နေ့မှစ၍ ၂ ရက်ကြာ ကျင်းပခဲ့သည်။

၎င်းညှိနှိုင်းအစည်းအဝေးတွင် ၁၉၄၇ ပင်လုံဖြစ်စဉ်ကိစ္စ၊ ပင်လုံစာချူပ်ပါအကြောင်းအရာ၊ ပင်လုံဂတိကဝတ်များနှင့် ပင်လုံစိတ်ဓါတ်ဆိုင်ရာကိစ္စများကို အဓိက ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖိတ်ကြားထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ များအပေါ် ဆွေးနွေးခဲ့ကြပြီး ၎င်း ညီလာခံအပေါ် ထားရှိသင့်သည့် အမြင်သဘောထားများ ဆွေးနွေးခဲ့ကြသည်။

ဒီအစည်းအဝေးကို ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဒုဥက္ကဌ ဗိုလ်ချူပ်ကြီး အင်ဘန်လ ဦးဆောင်သည့် ကချင်ခေါင်းဆောင်များ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဒု ဗိုလ်ချူပ်ကြီး ယွက်စစ် ဦးဆောင်သည့် ရှမ်းခေါင်းဆောင်များနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အဖွဲ့မှ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ဗိုလ်ချူပ် စိုင်းထူး ဦးဆောင်သည့် အဖွဲ့ဝင် ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့သည်။