လုံခြုံရေးကဏ္ဍပြုပြင်ရေး တိုင်းရင်းသားများ ဆွေးနွေး

သတင်းနှင့် မီဒီယာ ကွန်ယက်။
ဇွန်လ ၁၆ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

အစိုးရသစ်မှ မကြာမှီကျင်းပတော့မည့် ၂၁ ပင်လုံညီလာခံတွင် တိုင်းရင်းသားတွေ လိုလားသည့် လုံခြုံရေးဆိုင်ရာ မူဝါဒတစ်ခု တင်ပြနိုင်ရန် NCA လက်မှတ်မရေးထိုးကြရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့မှ ခေါင်းဆောင်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇွန်လ ၁၆ ရက်နေ့က အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့သည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ ဖွဲ့စည်းပေးထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN အဖွဲ့မှ ခေါင်းဆောင်များပါဝင် သည့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံတကာမှ တတ်သိ ပညာရှင်များဖြင့် ဆွေးနွေးဖလှယ်နေခြင်းဖြစ်သည်။

၂၁ ပင်လုံညီလာခံ သဘောမျိုး ပြန်လုပ်မယ်ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ပြောတာ ကတော့ ကဏ္ဍ နှစ်ရပ်ပဲ ဆွေးနွေးမယ်ဆိုတဲ့ သဘောပေါ့နော် နိုင်ငံရေးနဲ့ လုံခြုံရေးကဏ္ဍ အဓိကထားပြီးတော့ ဆွေးနွေးမယ်ပေါ့ ဆိုတော့ ကျနော်တို့ အနေနဲ့ ဒါ လုံခြုံရေးဆိုင်ရာ နဲ့ ပတ်သက်တဲ့ ကဏ္ဍတွေကိုလည်းပဲ ကျနော်တို့ဖက်က တင်ကြိုပြီးတော့ နည်းနည်း ပြင်ဆင်မှုတွေ လုပ်ဖို့လိုအပ်တယ်လို့ ကျနော်တို့ နားလည်တယ်လေ ဟု နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ် မှ ပြောသည်။

ဆွေးနွေးပွဲပထမရက်တွင် လုံခြုံရေးဆိုင်ရာကဏ္ဍ အကူးအပြောင်းနှင့် အစီအစဉ်ချ မှတ်ခြင်းဆိုင်ရာ နိုင်ငံတကာ ရှု့ထောင့်အမြင်များ၊ လုံခြုံရေးကဏ္ဍ၏ အခြေခံမူများ ၊ မြန်မာနိုင်ငံ လုံခြုံရေးကဏ္ဍ ဆိုင်ရာ ကိစ္စရပ်များ စသည်ခေါင်းစဉ်အောက်တွင် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ထို့အတူ ဘော့စနီးယားဖြစ်စဉ်ကို လေ့လာသုံးသပ်ခြင်း၊ တောင်အာဖရိက နိုင်ငံဖြစ်စဉ် များကို လေ့လာခြင်း၊ နီပေါနိုင်ငံဖြစ်စဉ်အကျဉ်းကို လေ့လာသုံးသပ်ခြင်းများနှင့် နိုင်ငံတကာ ပဋိပက္ခ ဖြေရှင်းရေး ဆွေးနွေးမှုများတွင် ကျင့်သုံးလေ့ရှိသည့် DDR ဟု ခေါ်ဆိုသော လက်နက် ဖြုတ်သိမ်းရေး ၊ စစ်မှုထမ်းအဖြစ်မှ နုတ်ထွက်ခွင့်ပြုခြင်းနှင့် အရပ်သားများအဖြစ် ပြန်လည် ပေါင်းစည်းရေး မူဝါဒ များကို လေ့လာသုံးသပ်သွားမည်ဟု သိရသည်။

Security Sector Reform Workshop လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် တိုင်းရင်းသား လူမျိုးများရေး ရာစင်တာ (ပြည်ထောင်စု မြန်မာနိုင်ငံ) ENAC အဖွဲ့မှ ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည်။