ခေါင်းစဉ်ကြီး ၄ ခုဖြင့် မျက်နှာစုံညီအစည်းအဝေး ကျင်းပမည်
သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇူလိုင်လ ၁၄ ရက်နေ့၊ ၂၀၁၆ ခုနှစ်။
ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသတွင်ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၏ မျက်နှာစုံညီအစည်းအဝေးတွင် ခေါင်းစဉ်ကြီး လေးခုဖြင့် အဓိကထား ဆွေးနွေးသွားကြမည်ဟု ဇူလိုင်လ ၁၃ ရက်နေ့တွင် ကျင်းပခဲ့သည့် အစည်းအဝေးကျင်းပရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည့် တိုင်းရင်းသားများ၏ မျက်နှာစုံညီအစည်းအဝေး ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ရေးလုပ်ငန်းကော်မတီနှင့် ကျင်းပရေးကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ကျင်းပရေးကော်မတီ ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်း မှ သတင်းထောက်များအား ပြောဆိုသည်။
ကျနော်တို့ ဆွေးနွေးမှာကတော့ ကျနော်တို့ ဒီ ၁ တစ်ချက်ကတော့ နိုင်ငံရေးဆိုင်ရာ ကိစ္စပေါ့နော်၊ ဒုတိယတချက်ကတော့ လုံခြုံရေးတို့ ကာကွယ်ရေးဆိုင်ရာကိစ္စ၊ တတိယက ကျနော်တို့ ပြောနေတဲ့ ပေါ်လတီကယ် ဒိုင်ယာလော့ ဖရိန်းဝပ် ရီးဗြူး တဲ့ကိစ္စတွေ နောက်တချက်ကတော့ အခု ၂၁ ရာစု ပင်လုံဆိုတဲ့ စကားရပ်အပေါ်မှာ အဓိပ္ဗါယ်ပုံ ဆွေးနွေးမှု ဒါကတော့ အနည်းအကျဉ်း ဆွေးနွေးသွားမည့် သဘောဖြစ်ပါတယ်။
ဇူလိုင်လ ၂၆ ရက်မှ ၂၉ ရက်နေ့အထိ ကျင်းပသွားမည့် တိုင်းရင်းသားများ၏ မျက်နှာစုံညီအစည်း အဝေးတွင် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည် ဆောက်ရေးကိစ္စ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကိစ္စ ၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ နိုင်ငံရေးမူဘောင် ကိစ္စ နှင့် ပင်လုံစာချျပ် ကတိကဝတ်များ ဆိုင်ရာကိစ္စ စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးသွားမည်ဟု သိရသည်။
၎င်းအစည်းအဝေးတွင် မျက်နှာစုံညီအစည်းအဝေးတက်ရောက်ကြမည့် ခေါင်းဆောင်ကိုယ်စား လှယ်များ ခရီးသွားလာလွယ်ကူစေမည့် လမ်းခရီးများရွေးချယ်သတ်မှတ်ခဲ့ပြီး သတင်းရယူလိုသည့် သတင်းမီဒီယာ များကို သီးခြားမဖိတ်ကြားတော့ကြောင်းနဲ့ မိမိအစီအစဉ်နဲ့သာ အကုန်အကျခံ လာရောက် သတင်းရယူနိုင်ပြီး သတင်းမီဒီယာဖြစ်ကြောင်း ခိုင်လုံတဲ့ သက်သေ အထောက်အထား စာရွက်စာတမ်းများ ပြနိုင်မှသာ အစည်းအဝေးသတင်းရယူခွင့် ပြုသွားမည်ဟု သိရသည်။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးမှာ အဖွဲ့တစ်ဖွဲ့လျှင် ခေါင်းဆောင်ကိုယ်စားလှယ် ၅ ဦးကျစီ တက်ရောက်ခွင့်ပြုမှာဖြစ်ပြီး နောက်ထပ် လေ့လာသူ အနေဖြင့် ၅ ဦးနှင့် ရုံးအဖွဲ့ဝင် ၅ ဦးစီပါဝင်တဲ့ အဖွဲ့ဝင် ၁၅ ဦးစီ တက်ရောက်ခွင့်ပြု မည်ဟု သတ်မှတ်ထားပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၂၁ ဖွဲ့အား ဖိတ်ကြားသွားမည်ဟု သိရသည်။
တိုင်းရင်းသားများ၏ မျက်နှာစုံညီအစည်းအဝေး ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ရေးလုပ်ငန်း ကော်မတီနှင့် ကျင်းပရေးကော်မတီ ကို ဇူလိုင်လ ၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN ခေါင်းဆောင်များနှင့် NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် ညှိနှိုင်းဆွေးနွေးရေး ကော်မတီ EAO-CT အဖွဲ့မှ ခေါင်းဆောင်ကိုယ်စားလှယ်များ တွေ့ဆုံပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။