မိုင်ဂျာယန်တွင် ဖက်ဒရယ်အခြေခံ မူသဘောထားများ တင်သွင်းမည်
သတင်းနှင့် မီဒီယာကွန်ယက်။
ဇူလိုင်လ ၁၃ ရက်နေ့၊ ၂၀၁၆ ခုနှစ်။
ကချင်ပြည်နယ် မိုင်ဂျာယန်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ မျက်နှာစုံညီ အစည်း အဝေးမှာ တင်ပြနိုင်ဖို့အတွက် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုဆိုင်ရာ ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံ မူသဘောထား ရပ်တည်ချက်နှင့် ကာကွယ်ရေးနဲ့လုံခြုံရေး ဆိုင်ရာ မူဝါဒ ရပ်တည်ချက် ပါတဲ့ ဆုံးဖြတ်ချက် ၇ ချက်ကို UNFC ဗဟိုအလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ ဗဟိုအလုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးကို ဇူလိုင်လ ၁၁ ရက်နေ့မှစ၍ ၂ ရက်ကြာ ကျင်းပခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ UNFC အထွေထွေအတွင်းရေးမှူး ခူးဦးရယ် မှ သတင်းထောက်များအား ယခုလို ပြောသည်။
မိုင်ဂျာယန် မှာပြုလုပ်မယ့် ကျနော်တို့ မျက်နှာစုံညီအစည်းအဝေးအတွက် ကျနော်တို့ UNFC ဖက် ကနေပြီးတော့ ဘာအစီအစဉ်များတင်သွင်းမလဲ ဆိုတဲ့ကိစ္စလေးတွေကို ကျနော်တို့ဆွေး နွေးကြတယ် နောက် သွားရောက်မယ့် ကိုယ်စားလှယ် ကိစ္စတွေကိုလည်း ဆွေးနွေး ကြတာပေါ့။ မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေးကိုပဲ ဦးတည်ပြီးတော့ ကျနော်တို့ မိုင်ဂျာယန်ရဲ့ ရည်ရွယ် ချက်ဖြစ်တဲ့ ရည်ရွယ်ချက် ၂ ချက်နဲ့ တိုက်ဆိုင်တဲ့ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု ဆိုင်ရာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံကိစ္စလေးတွေကိုလည်း ကျနော်တို့ အခြေခံ ဘုံသဘောထား ရပ်တည် ချက်လေးတွေကို ကျနော်တို့ ရရှိနိုင်ဖို့အတွက် ကျနော်တို့ဖက်က ပြင်ဆင်ထားတဲ့ အခြေခံ မူသ ဘောထား ရပ်တည်ချက်လေးတွေကို ကျနော်တို့ တင်သွင်းဖို့ ပြင်ဆင်တာရှိပါတယ်။ ဒါ့အပြင် ကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာ မူဝါဒ ရပ်တည်ချက် သဘောထား တွေကိုလည်းပြင်ဆင်ထား ပါတယ်။ အားလုံးကတော့ ဆုံးဖြတ်ချက် ၇ ချက်လောက် ချမှတ်ပါတယ်။
UNFC တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည့် တို့ လာမည့် ဇူလိုင်လ ၁၇ ရက်နေ့ညနေပိုင်းမှာ ရန်ကုန်မြို့ NRPC ရုံးတွင် အလွတ် သဘော တွေ့ဆုံဆွေးနွေးကြမည့်ကိစ္စနှင့် ပတ်သက်ပြီး ပင်လုံကိစ္စအပါအဝင် အချက် ၄ ချက်ကို အဓိက ဆွေးနွေးကြမည်ဟု သတင်းတွေထွက်ပေါ်နေသော်လည်း ဆွေးနွေးမည့်အကြောင်း အရာနှင့် ပတ်သက်၍ ပြောဆို၍မရသေးကြောင်း ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့် တိုင်းရင်းသားခေါင်းဆောင်များမှာ UNFC ဥက္ကဌ ဗိုလ်ချူပ်ကြီး အင်ဘန်လ၊ KNPP ဥက္ကဌ အေဘယ်လ်တွိ ၊ NMSP ဥက္ကဌ နိုင်ထောမွန်၊ SSPP နာယက ဗိုလ်ချူပ် ဆေထင် တို့ဖြစ်ပြီး DPN အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးကြီး ဆေအွန်၊ ဗိုလ်မှူးကြီး ဆော်လမွန်၊ ဗိုလ်မှူး တာ့ညီလူ နှင့် ဗိုလ်မှူးကြီး မင်းထွန်း များပါဝင်သည့် အဖွဲ့ဝင် ၁၄ ဦး ပါဝင်တက်ရောက်မည်ဟု သိရသည်။
မိုင်ဂျာယန်တွင်ကျင်းပမည့် မျက်နှာစုံညီအစည်းအဝေးကိစ္စနှင့် ၂၁ ရာစုပင်လုံညီလာခံကို ၀ ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP တက်ရောက်ရန်ကိစ္စနှင့် ပတ်သက်၍လည်း UNFC ဒုဥက္ကဌ နိုင်ဟံသာ ခေါင်းဆောင်၍ KNPP စစ်ဦးစီးချူပ် ဗိုလ်ချူပ် ဘီထူး၊ WNO အထွေထွေအတွင်းရေးမှူး ဗိုလ်မှူး တာ့အိုက်ညွန့် နှင့် NMSP ခရိုင်ကော်မတီဝင် နိုင်ရွန်းတိန်း တို့အဖွဲ့သည် ယခုရက်ပိုင်း အတွင် UWSA ပန်ဆန်းဌာနချူပ်သို့ သွားရောက်ဆွေးနွေးရန်လည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည် ဟု ခူးဦးရယ် မှ ဆက်ပြောသည်။
UWSP ဌာနချူပ်ကိုလည်း ကျနော်တို့ ကိုယ်စားလှယ်တွေ သွားရောက်ပြီးတော့ UWSP နဲ့ MNDAA ခေါင်းဆောင်တွေလည်း တွေ့ဆုံသွားဖို့လည်း ရှိပါတယ် အဓိက သူတို့ကို တွေ့ဆုံမည့် ကိစ္စကတော့ ရှင်းရှင်းပြောရရင်လည်း ကျနော်တို့ ဒီ ၂၁ ရာစုပင်လုံညီလာခံမှာ အတူတကွ တက်ရောက်နိုင်ဖို့အတွက် ကိစ္စရပ်လေးတွေကို အကြမ်းဖျဉ်း သွားရောက်ပြီးတော့ ရှင်းလင်း ချပြဖို့ ဖြစ်ပါတယ် ဘာဖြစ်လည်းဆိုရင် ကျနော်တို့ပြင်ဆင်ထားတဲ့ အနေအထားနဲ့ ကျနော်တို့ ဒီမှာ အားလုံးက တွေ့ကြ ဆုံကြ ဆွေးနွေးခဲ့ကြတဲ့ အသေးစိတ် အချက်အလက်တွေကို သူတို့အ နေနဲ့ သိပ့်မသိထားသေးတော့ ကျနော်တို့ဖက်က သွားရောက်ပြီးတော့ သူတို့ကို တွေ့ဆုံပြီး တော့ တင်ကြိုပေါ့နော် အားလုံးမဟုတ်တောင်မှ သူတို့ ကြိုပြီးတော့ သိထားနိုင်အောင် ပြင်ဆင် လို့ ရအောင်လို့ ကျနော်တို့ဖက်က ပြင်ဆင်ထားမှု အနေအထားကို သွားရောက်ရှင်းလင်းချပြဖို့ ဖြစ်ပါတယ်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ ဒုတိယအကြိမ် ညီလာခံကို လာမည့် သြဂုတ်လအတွင်း ကျင်းပမည်ဟု ယခင်က ဆုံးဖြတ်ထားသော်လည်း ယခု အရေးပေါ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ၂၁ ရာစုပင်လုံညီလာခံနှင့် တိုက်ဆိုင်နေမည် စိုးရိမ် သဖြင့် လာမည့် ဒီဇင်ဘာလတွင် ကျင်းပရန် ယာထားကြောင်း သိရသည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့တွင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့KIO၊ ရှမ်းပြည် တိုးတက်ရေးပါတီSSPP၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီKNPP ၊ မွန်ပြည်သစ်ပါတီNMSP၊ ရခိုင်ပြည် အမျိုးသားကောင်စီ ANC ၊ လားဟူဒီမိုကရက်တစ် ပါတီ LDP၊ ၀ အမျိုးသားအဖွဲ့ချူပ် WNO၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး PSLF နှင့် မြန်မာတိုင်းရင်းသား အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ် MNDAA အဖွဲ့များ ပါဝင်ပြီး ၂၀၁၀ ခုနှစ် နိုဝင်ဘာလ တွင် စတင်ဖွဲ့စည်းခဲ့သည်။