လုံခြုံရေးဆိုင်ရာ မူဝါဒတစ်ရပ် ရရှိရေး တိုင်းရင်းသားများ ဆွေးနွေး

သတင်းနှင့် မီဒီယာ ကွန်ယက်။
သြဂုတ်လ ၈ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြသနာတွေကို ဖြေရှင်းရာမှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့များအနေဖြင့် မဖြစ်မနေဖြေရှင်းရမည့် လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး စနစ် ဖြစ်သည့် DDR/SSR နှင့် ပတ်သက်ပြီး အကောင်းဆုံးဖြေရှင်းနိုင်ရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ်လ ၈ ရက်နေ့က တိုင်းရင်းသားခေါင်းဆောင်များ စတင်ဆွေးနွေးနေကြသည်။

အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း များ၏ လုံခြုံရေးဆိုင်ရာ မူဝါဒ တစ်ရပ်အနေဖြင့် ရှိထားနိုင်ရန်နှင့် တပ်မတော် နှင့် တိုင်းရင်းသား အဖွဲ့အစည်းများအကြား အကောင်းဆုံးနည်းလမ်းရရှိရန် ဆွေးနွေးကြခြင်းဖြစ်သည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုဥက္ကဌ နိုင်ဟံသာ မှ ပြောသည်။

ကျနော်တို့ နိုင်ငံမှာကတော့ လက်နက်အင်အားနဲ့ပဲ အဆုံးအဖြတ်ပေးနေတယ်ဆိုတဲ့ အနေအထားမျိုးကို မြင်နေတယ် ဒါ ကြောင့် တိုင်းရင်းသားတွေဖက်ကလည်း ဒီ ယုံကြည်မှု မရှိသေးခင်ကာလမှာ ဘယ်လိုမှ ကိုယ့် တပ် ကို အဖျက်ခံနိုင်မှာမဟုတ်ဘူး အဲ့တော့ ဒါဟာ ကြီးမားတဲ့ ပြသနာ ဖြစ်လိမ့်မယ် ဖက်ဒရယ် ပြည်ထောင်စု ကို အကောင်အထည်ဖော်နိုင်တယ် ဖော်ပြီ သဘောတူပြီ ထားပါစို့ပေါ့နော် ဒါပေ မယ့် ဘယ်လိုပုံစံမျိုး စသဖြင့်ပေါ့နော် အဓိက အဲ့ တပ်ပြသနာကတော့ ခက်ခဲလိမ့်မယ်လို့တော့ မြင်တယ် ဒါကြောင့် ဒါကို ဖြှေရင်းနိုင်ဖို့နဲ့ အကောင်းဆုံးဖြစ်နိုင်ဖို့ဆိုတဲ့ နေရာမှာကတော့ အများကြီး နည်းလမ်းရှာဖို့လိုတယ်

ယနေ့ ဆွေးနွေးပွဲတွင် ဆွေးနွေးညှိနှိုင်းရေးဆိုင်ရာ နည်းနာများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှတဆင့် လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲနိုင်ရေး မဟာဗျူဟာများ၊ SSR ၏ အဓိပါယ် ဖွင့်ဆိုချက်များ၊ လုံခြုံရေးဆိုင်ရာအားအခြေခံ၍ ဆွေးနွေးညှိနှိုင်းနိုင်မည့် အခြေခံအချက်အလက်များ ဆွေးနွေးသွားကြမည်ဟု သိရသည်။

ထို့အပြင် နိုင်ငံတကာ တတ်သိပညာရှင်များဖြစ်သည့် စင်ကာပူနိုင်ငံအခြေစိုက် Sea-Change Partners အဖွဲ့မှ စီမံခန့်ခွဲရေး ဒါရိုက်တာ Keith Fitzgerald နှင့် အင်္ဂလန်နိုင်ငံမှ တတ်သိပညာရှင် Dylan Hendriekson တို့ကတည်း နိုင်ငံတကာအတွေ့အကြုံများနှင့် နိုင်ယှဉ်ပြီး မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေဖြစ်နိုင်သည်များကို ဆွေးနွေးသွားမည်ဟု သိရသည်။

၎င်းဆွေးနွေးပွဲအား တက်ရောက်နေသည့် ဖက်ဒရယ်ပြည်ထောင်စု ပါတီ ဥက္ကဌ စောသန်းမြင့် က အစိုးရ တပ်မတော်မှ လိုလားနေသည့် DDR သည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့် လက်နက်ဖြုတ်သိမ်းပြီး တပ်မတော်တစ်ခုတည်းအောက်တွင် အားလုံး ပူးပေါင်းရမည့် အခြေအနေမျိုးကို လက်ရှိအနေအထားအရ လက်မခံနိုင်ဘူးဟု ပြောဆိုသည်။

 SSR ကတော့ ပထမဆုံး ငြိမ်းချမ်းရေး လုပ်ပေါ့နော်  အခုကတော့ အပစ်အခတ်ရပ်စဲရေးပေါ့နော် သူက ပြီးရင် ငြိမ်းချမ်းရေးလုပ်၊ ငြိမ်းချမ်းရေး လုပ်ပြီးမှ ဆွေးနွေး ၊ ဆွေးနွေးပြီးတော့ ဒီတပ်မ တော်ကို ဘယ်လို လက်ရှိတိုင်းရင်းသား လက်နက်ကိုင်တွေ ဘယ်လိုအနေအထားမျိုး ထားမလဲ ပေါ့ လက်နက်ကိစ္စကို နောက်ဆုံးအဆင့်မှာ ထားတယ် DDR ကြတော့ အရင်ဆုံး လက်နက်အပ် ရမယ် အဲ့တော့ အရင်ဆုံး လက်နက်အပ်ရမယ့်ကိစ္စကိုတော့ ကျနော်က လုံး၀ လက်မခံနိုင်ဘူး ဒါကြောင့်မိုလို့ အားလုံးညှိနှိုင်းဆွေးနွေးပြီး နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပြီးမှ နောက်ဆုံးမှာ နိုင်ငံရေးအခြေအနေ တိုးတက်ကောင်းမွန်လာမည့် ဖက်ဒရယ်ဖြစ် လာမည်ဆိုရင် လက်နက်က အပ်ပါလို့ ပြောစရာ မလိုဘူး အားလုံးဘယ်သူမှ လက်နက်ကိုင်ချင် တဲ့ လူမရှိဘူး အဲ့အခါကြရင် အလိုအလျှောက် လက်နက်က အပ်ပြီးသား ဖြစ်ပါလိမ့်မယ်။  

သြဂုတ်လ ၁၀ ရက်နေ့အထိ ကျင်းပမည့် ထိုဆွေးနွေးပွဲကို NCA အပစ်ရပ် လက်မှတ်မရေးထိုး ရသေးသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များ အပါအဝင် အပစ်ရပ်လက်မှတ်ရေးထိုးထားကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များ၊ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ UNA၊ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF မှ ခေါင်းဆောင် ကိုယ်စားလှယ်များနှင့် စစ်ဦးစီးအရာရှိများ တက်ရောက်ဆွေးနွေး နေကြသည်။

၎င်း ဆွေးနွေးပွဲအား ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် တိုင်းရင်းသား လူမျိုးများရေးရာစင်တာ (ပြည်ထောင်စု မြန်မာနိုင်ငံ) ENAC အဖွဲ့မှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုအဖွဲ့သည် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံသင့်သည့် ကဏ္ဍအလိုက် မူဝါဒ မူကြမ်း ၉ ခုကို အကြံပြု ရေးဆွဲပြင်ဆင်ထားသည်။