နိုင်ငံရေးမူဘောင်ပြင်ဆင်နိုင်ရေး NCA ထိုးသည့်အဖွဲ့နှင့် မထိုးသည့်အဖွဲ့မှ ခေါင်းဆောင်များ စည်းဝေး

သတင်းနှင့် မီဒီယာ ကွန်ယက်။
သြဂုတ်လ ၉ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

အစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆက်လက်ဆွေးနွေးအကောင်အထည်ဖော်နိုင်ရန် ကိစ္စ နှင့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင် သုံးသပ်ပြင်ဆင်နိုင်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ခေါင်းဆောင်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ်လ ၉ ရက်နေ့ ယနေ့ နံနက် ၉ နာရီက စတင်တွေ့ဆုံဆွေးနွေးနေသည်။

ဆွေးနွေးပွဲတွင် NCA အပစ်ရပ်လက်မှတ် မရေးထိုးကြရသေးသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုများ ဖက်ဒရယ်ကောင်စီ UNFC မှ နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရန် ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN မှ အဖွဲ့ခေါင်းဆောင် ခူးဦးရယ် ဦးဆောင်သည့် အဖွဲ့နှင့် NCA အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့မှ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ CT မှ ပဒို စောကွယ်ထူးဝင်း ဦးဆောင်သည့်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးနေကြခြင်းဖြစ်သည်။

သြဂုတ်လ ၁၀ ရက်နေ့အထိ ကျင်းပမည့်အစည်းအဝေးတွင် နှစ်ဖက်ခေါင်းဆောင်များ ဆွေးနွေးပွဲမှ ရရှိသည့် ရလာဒ်အပေါ် လာမည့် သြဂုတ်လ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့၌ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ပြင်ဆင်ရေး အစည်းအဝေး တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ တင်ပြသွားရန်ရှိကြောင်း သိရသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်း သြဂုတ်လ ၁၅ ရက်နေ့၌ နေပြည်တော်တွင် ကျင်းပမည့် ငြိမ်းချမ်းရေး အစည်းအဝေးတွင် တင်ပြနိုင်ရန် ပြင်ဆင်သွားမည်ဟု သိရသည်။