၂၁ ပင်လုံညီလာခံသည် တိုင်းရင်းသားများအတွက် အဆင်သင့်မဖြစ်ဟုဆို
သတင်းနှင့် မီဒီယာ ကွန်ယက်။
သြဂုတ်လ ၉ ရက်နေ့၊ ၂၀၁၆ ခုနှစ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစု ပင်လုံညီလာခံကို သြဂုတ်လ ၃၁ ရက်နေ့မှာ စတင်ကျင်းပဖို့ အစိုးရမှ သတ်မှတ်လိုက်ခြင်းသည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအတွက် အချိန်စောနေပြီး အဆင်သင့် မဖြစ်သေးကြောင်း နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ် မှ ပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Khum Phu Come Hotel တွင် သြဂုတ်လ ၉ ရက်နေ့က NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် ဆွေးနွေးညှိနှိုင်းရေးလုပ်ငန်းအဖွဲ့ CT နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN ခေါင်းဆောင်များတွေ့ဆုံသည့် နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာ မူဘောင်ပြင်ဆင်သုံးသပ်ရေး ညှိနှိုင်းအစည်းအဝေးတွင် ခူးဦးရယ် မှ ပြောဆိုခြင်းဖြစ်သည်။
အဆင်သင့်ဖြစ်တယ် မဖြစ်ဘူး မေးရင်တော့ အားလုံးအဆင်သင့် မဖြစ်သေးဘူးလို့ပဲ ကျနော်မြင် တယ် ကျနော်တို့ ညီနောင် ၈ ဖွဲ့လည်း အဆင်သင့် ဖြစ်မယ် မထင်ဘူး၊ ဘာကြောင့်လဲ ဆိုလို့ ရှိရင် ကျနော်တို့ ဒီညီလာခံ နဲ့ ပတ်သက်ပြီးတော့ ဘယ်ပုံစံ သွားကြမယ် ဘယ်လိုအနေအထား မျိုးနဲ့ သွားကြမယ် ဘယ်သူတွေ ပါသင့်တယ် နောက် ဘယ်လိုအနေအထား မျိုးနဲ့ ကျနော်တို့ သွားရင်တော့ဖြင့် ဒီအဆင့်က ဘယ်လိုရလာဒ်ကောင်းတွေ ကျနော်တို့ရနိုင်တယ်၊ ကျနော်တို့ အားလုံး သဘောတူလက်ခံနိုင်တဲ့ အခင်းအကျင်းမျိုး ဖြစ်တယ် မဖြစ်ဘူးဆိုတာ ညှိနှိုင်းဆွေးနွေးမှု ဘာမှ မရှိဘူးလို့ ကျနော်ထင်တယ်ပေါ့လေနော်၊ အဲ့ဒါကြောင့်မိုလို့ အထူးသဖြင့် ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရော နိုင်ငံရေး ပါတီတချို့ပါ ကျနော်ထင်တာအ ဆင်သင့်မဖြစ်သေးဘူး နည်းနည်းစောနေသလားပေါ့နော် အမှန်ကတော့ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ပြီးတော့ အားလုံးသဘောတူ လက်ခံနိုင်တဲ့ အခြေအနေမျိုးနဲ့ စ တာကတော့ ကောင်းမွန်တဲ့ အစကောင်းဖြစ်ဖို့များပါတယ် ဒါပေမယ့် အခုကတော့ အဲ့သလို ဖြစ်မည့်အနေအထားမျိုး မဟုတ်ဘူးလို့ ကျနော်ထင်တယ် ဒါပေမယ့် ဒီလိုစောပြီးစလိုက်တယ် ဆိုတာကလည်း အစိုးရမှာ အခြေခံ ရည်ရွယ်ချက် ရှိတယ်လို့ ကျနော်နားလည်တယ်ပေါ့ ဒါပေမယ့် ကျနော်တို့အတွက် အခက်အခဲတစ်ခုက အချိန်ပြသနာပါပဲ။
သြဂုတ်လ ၁၀ ရက်နေ့အထိ ကျင်းပမည့် အစည်းအဝေးတွင် NCA အပစ်ရပ် လက်မှတ်ထိုးထား ကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့နှင့် အစိုးရအကြား ပြင်ဆင်ရေးဆွဲထားသည့် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်များကို ရှင်းရှင်းလင်းလင်း သိရှိအောင် ညှိနှိုင်းဆွေးနွေး နေခြင်းဖြစ်ပြီး အစိုးရနှင့်ဆွေးနွေးပွဲ အဆင့်တိုင်းတွင်လည်း သဘောတူညီမှု အခိုင်အမာ ဖြစ်စေဖို့ လိုအပ်သည်ဟု ခူးဦးရယ် မှ ဆက်ပြောသည်။
ကျနော်တို့ကတော့ မသွားဘူး အစိုးရ အစီအစဉ်အတိုင်း မလိုက်ဘူးလို့လည်း မငြင်းဘူး သွားမယ် လိုက်မယ် အဆင့်တိုင်းကိုလည်း ကျနော်တို့ သဘောတူညီမှု ယူရမယ်ဆိုတာ ကျနော်တို့ ပြောတာပဲ ဖြစ်တယ် အဲ့တော့ ကျနော်တို့ ရလိုက်တဲ့သဘောတူညီမှုကလည်း အခိုင်အမာဖြစ်ဖို့ လိုတယ်၊ ဒါပါပဲ မခိုင်မာဘူး နောက် အချိန်ကို လုလုပြီးတော့ ကျနော်တို့က မလွဲမရှောင်သာ လိုက်ပါရတယ် သဘောတူလိုက်ရတယ်ဆိုတဲ့ဟာမျိုးကို ကျနော်တို့ မဖြစ်စေချင်တာပါ ကုန်ကုန်ပြောရင် ဒါ ကျနော်တို့ရဲ့ စေတနာ အမှန်ပေါ့ အဲ့ဒါကြောင့်မိုလို့ အားလုံးကိုလည်း ဖိတ်ကြားထားပြီးပြီ နောက်အစိုးရကလည်း ဒီအစီအစဉ်အတိုင်းပဲသွားမယ်လို့ တင်းခံနေတဲ့ သဘောမျိုးဖြစ်တော့ ကျနော်တို့ဖက်ကလည်းပဲ မဖြစ်မနေ လိုက်ပါရမယ်ဆိုတဲ့ အခြေအနေမျိုး လို့ ကျနော်အဲ့လိုနားလည်တာကိုး ဆိုတော့ အဲ့လိုသွားရမယ်ဆိုရင်လည်းပဲ ကျနော်တို့ အနေအထားတစ်ခုအရ စဉ်းစားပြီးတော့ လိုက်ပါနိုင်တဲ့အခြေအနေမျိုးအောက်ကနေ ကျနော်တို့ လိုက်ပါမယ်ဆိုတဲ့ အခြေခံစဉ်းစားချက် ရှိတာပဲ ဖြစ်ပါတယ် ဆိုတော့ ဒီလို လိုက်ပါ ခြင်းက ကောင်းကျိုး ဆိုးကျိုး ဘာဖြစ်နိုင်သလဲဆိုတဲ့ ဟာနဲ့ ပတ်သက်ပြီး ကျနော်တို့ကလည်း ဒီ ဖရိန်ဝပ် ရေးဆွဲတဲ့ ထဲမှာ အစကတည်းက ပါဝင်ခဲ့တဲ့ ကျနော်တို့ညီနောက် ၈ ဖွဲ့က ခေါင်းဆောင် ကိုယ်စားလှယ်တွေရဲ့ အမြင်သဘောထားကိုလည်း ကျနော်တို့ ညှိနှိုင်းတဲ့သဘောလည်း ပါတာပေါ့နော်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မတွင် ၂ ရက်ကြာကျင်းပမည့် ၎င်းအစည်းအဝေးတွင် ကချင်ပြည်နယ် မိုင်ဂျာယန်၌ ၅ ရက်ကြာ ကျင်းခဲ့သည့် မျက်နှာစုံညီအစည်းအဝေးမှ ဆွေးနွေးညှိနှိုင်းရေး လုပ်ငန်းအဖွဲ့ (CT) နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ကို တာဝန်ပေးအပ်ထားသည့် ဘုံသဘောထား ရယူဖို့ လိုအပ်နေသည့်အချက်များကိုလည်း ဆက်လက်ညှိနှိုင်းဆွေးနွေးပြီး နည်းလမ်းရှာဖွေသွားရန် ရှိသည်ဟု သိရသည်။