ကချင်အာဇာနည်နေ့ လိုင်ဇာမြို့တွင် ကျင်းပ

သတင်းနှင့် မီဒီယာ ကွန်ယက်။
သြဂုတ်လ ၁၁ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

သြဂုတ်လ ၁၀ ရက်နေ့တွင်ကျရောက်သည့် ကချင်အာဇာနည်နေ့တွင် ကချင်ပြည်လွတ်မြောက် ရေးအဖွဲ့ KIO/KIA ဌာနချုပ် လိုင်ဇာမြို့၌ တော်လှန်ရေးအတွက် အသက်ပေးလှူခဲ့သည့် ကချင်အာဇာနည် ခေါင်းဆောင်များအား ဂုဏ်ပြုသည့်အာဇာနည်နေ့အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ကချင်အာဇာနည်နေ့တွင် တော်လှန်ရေးအတွက် အသက်ပေးလှူခဲ့သော ကချင်ရဲဘော် အားလုံး သည် မိမိတို့၏ ကချင်အမျိုးသားများကို ကိုယ်စာပြုကြောင်း ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO/KIA ပြန်ကြားရေး တာဝန်ခံ ဒု-ဗိုလ်မှူးကြီး နော်ဘူက ယခုလိုပြောသည်။

“ကျနော်တို့တွေအားလုံးက ပထမဦးဆောင်တဲ့ ဒီနိုင်ငံရေးခေါင်းဆောင်တွေ နောက်ပြီးတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့်သွားတဲ့ ရဲဘော်တွေ အားလုံး ကျနော်တို့ကို ကိုယ်စား ပြုတယ်။ နောက်နောင် ကျနော်တို့ အခုထမ်းဆောင်နေတဲ့ ကျနော်တို့ ရဲဘော်တွေ အားလုံးလည်း သူတို့ရဲ့ ဒီ တန်ဖိုးထားပြီးမှ ရှေ့ဆက်ဖို့လိုပါတယ ဟု ဒု-ဗိုလ်မှူးကြီး နော်ဘူမှ ပြောသည်။

ကချင်အာဇာနည်နေ့တွင် ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO ဥက္ကဌ ဦးလယော်ဇောင်းဟရား မှ တော်လှန်ရေးအတွက် အသက်ပေးလှူသွားသည့် ရဲဘော်များ အားဂုဏ်ပြုကြောင်း၊ ယခုလက်ရှိ တော်လှန်ရေးအတွက်လုပ်ဆောင်နေသည့် ရဲဘော်အားလုံးအတွက်ဆုတောင်းပေးရန်၊ ရှေ့ဆက် လုပ်ဆောင်ရမည့် နိုင်ငံရေး၊ တော်လှန်ရေး လမ်းခရီးများမှာ အားလုံးကြိုးစားရန် နှင့် မပြီးပြတ် သေးသော တော်လှန်ရေးလုပ်ငန်းများကို ထမ်းဆောင်ဖို့ရန် အစရှိသည့် အချက်များကို မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း ဒု-ဗိုလ်မှူးကြီးနော်ဘူ မှ ဆိုသည်။

ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO/KIA အား ဦးစီးတည်ထောင်သည့် ပထမဦးဆုံး ခေါင်းဆောင်ဖြစ်သူ၊ ကချင်တော်လှန်ရေးဖခင်ကြီး ဗိုလ်ချုပ် လထော်ဇော်ဆိုင်း လုပ်ကြံခံရသောနေ့ ၁၉၇၅ သြဂုတ်လ (၁၀) ရက်နေ့ကို အစွဲပြု၍ နှစ်စဉ် သြဂုတ်လ (၁၀) ရက်နေ့အား KIO/KIA ဗဟိုမှ ကချင်အာဇာနည်နေ့အဖြစ် သတ်မှတ်ကာ ကျင်းပခဲ့ကြောင်းသိရသည်။

ကချင်အာဇာနည်နေ့ကို ၁၉၇၅ ခုနှစ် သြဂုတ်လ (၁၀) ရက်နေ့ကို အစွဲပြု၍ သတ်မှတ်ခဲ့သော် လည်း ကချင်ပြည်သူလူထုအကြားတွင် ၂၀၀၆ ခုနှစ် သြဂုတ်လ (၁၀)မှ စတင်ကာ ကချင်အာဇာနည် နေ့ကို ကျယ်ကျယ် ပြန့်ပြန့် ကျင်းပလာခဲ့ကြသည်ဟု သိရသည်။

ကချင်အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ဒု-ဗိုလ်မှူးကြီး နော်ဘူ မှ သူ့ရဲ့ခံစားချက်ကို ယခုလိုပြောသည်။

“နိုင်ငံတော်အတွက် အခုလို တိုင်းပြည်နဲ့လူမျိုးတွေအတွက် အခုလိုမျိုး အသက်ကိုပေးဆပ်တာကို ဂုဏ်ယူတယ်လို့ ကျနော်က အဲလိုခံစားမိပါတယ်။” ဟု ဒု-ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

ကချင်တော်လှန်ရေး ဖခင်ကြီး ဗိုလ်ချုပ် လထော်ဇော်ဆိုင်း သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် အနီးရှိ KIA တပ်စခန်းသို့သွားရောက်စဉ် လမ်းခရီးတွင် ဆိုင်းတူး(ခ) တူးဗုံ ၏ လုပ်ကြံပစ်ခတ်သတ်ဖြတ်ခြင်း ခံရသောကြောင့် အသက်ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်ဟုသိရသည်။

ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO/KIA ဌာနချုပ်ရှိ လိုင်ဇာဒေသတွင် ကျင်းပပြုလုပ်သော အာဇာနည်နေ့ အခမ်းအနားသို့ KIO/KIA မှ ဗဟိုကော်မတီဝင်လူကြီးများ၊ KIO/KIA အစိုးရ၏ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ ပြည်သူလူထုများ၊ စုစုပေါင်း လူဦးရေ တစ်ထောင်ကျော် ခန့် တက်ရောက်ခဲ့သည်ဟုသိရသည်။