NCA နောက်ဆက်တွဲ သဘောတူစာချူပ် လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေး

သတင်းနှင့်မီဒီယာ ကွန်ရက်။
စက်တင်ဘာလ ၂၅ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည် ခေါင်းဆောင်သည့်အဖွဲ့နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN မှ ခူးဦးရယ် ဦးဆောင်သည့် အဖွဲ့သည် ယနေ့နံနက်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Shangri-La Hotel တွင် NCA နောက်ဆက်တွဲ သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရန် အဆိုပြုချက် မူကြမ်းအား ဆွေးနွေးခဲ့သည်။

DPN အဖွဲ့အနေဖြင့် ၂၁ ရာစု ပင်လုံညီလာခံ မတိုင်ခင်က အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ တွေ့ဆုံခဲ့ချိန်တွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အနေဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံအစိုးရနှင့် လက်မှတ်ရေးထိုးနိုင်ရန်အတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချူပ် NCA နောက်ဆက်တွဲ သဘောတူညီချက် ၈ ချက်ကို တင်ပြထားခဲ့သည်ဟု သိရသည်။

ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည် ခေါင်းဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံမှုနှင့် ပတ်သက်ပြီး  DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ် မှ စက်တင်ဘာ ၂၄ ရက်နေ့က ယခုလို ပြောဆိုသည်။

ကျနော်တို့ အရင်က တင်ပြထားတဲ့ ၈ ချက်နဲ့ ပတ်သက်ပြီး ဆက်လက်ညှိနှိုင်းဆောင်ရွက်ဖို့ ရှိတယ်လေ အဲ့ဒီ ၈ ချက်နဲ့ ပတ်သက်ပြီး ကျနော်တို့ အကြေအလည်ဆွေးနွေးပြီးတော့ ကျနော်တို့ အဖြေမရသေးဘူးလေ မရသေးဘူးဆိုတော့ ကျနော်တို့ကတော့ မှတ်တမ်းတင် နိုင်လောက်တဲ့အဆင့်ထိပဲထားပြီးတော့ ကျနော်တို့ နှစ်ဖက်စလုံးကတော့ ပြန်လည်နေရာချ ရေးကိစ္စ ဆွေးနွေးမယ်ဆိုတဲ့ သဘောနဲ့ လုပ်ထားတာ ဆိုတော့ ကျနော်တို့ အဲ့ဒီဟာကိုတော့ တဖက်တလမ်းအနေနဲ့ ဆက်ညှိမယ်ဆိုတဲ့ သဘောပါ၊

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်သို့ တင်ပြထားသည့် အချက် ၈ ချက်ထဲတွင် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲကြောင်း ကြေညာခြင်းကို အစိုးရ တပ်မတော်နှင့် UNFC အဖွဲ့အစည်းများ ပူးပေါင်း၍ တရားဝင် ပူးတွဲထုတ်ပြန်ရန်၊ နှစ်ဘက်လိုက်နာရမည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်း နှင့် တပ်ပိုင်ဆိုင်ရာ စောင့်ကြည့်ရေး လုပ်ငန်းတွေကို ကြိုတင်သဘောတူညီမှု ရယူရန်နှင့် ၂၁ ရာစု ပင်လုံညီလာခံမှ ထွက်ပေါ်လာသည့် ဆုံးဖြတ်ချက်များကို အခြေခံပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေကို ရေးဆွဲပြဌာန်းရန် စတဲ့ အချက်များပါဝင်သည့် အချက် ၈ ချက် အား ဆွေးနွေးသွားမည်ဟု သိရသည်။

အစည်းအဝေးအား ငြိမ်းချမ်းရေး ကော်မရှင် အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်၊ ဦးအောင်စိုး၊ ဒေါက်တာ မင်းဇော်ဦး၊ ဦးကျော်သူရ နှင့် ဦးတင်ထွန်းအောင် တို့ တက်ရောက်ပြီး တိုင်းရင်းသား ခေါင်းဆောင်တွေဖက်ကတော့ NCA အပစ်ရပ်လက်မှတ်မရေးထိုးကြရ သေးတဲ့ တိုင်းရင်သား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။