ကချင်ပြည်နယ် ရေကာတာ စီမံကိန်း (၁၁)ခု ချီဖွေ လူထု လက်မခံ

သတင်းနှင့်မီဒီယာကွန်ယက်။
စက်တင်ဘာလ ၂၆ ရက်၊ ၂၀၁၆ ခုနှစ်။

ကချင်ပြည်နယ်အတွင်း ဆောင်ရွက်မည့် ဧရာဝတီမြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေကာတာ စီမံကိန်းများအပြင် ငေါ်ချမ်း ခ ရေအားလျှပ်စစ်စီမံကိန်း စုစုပေါင်း ရေကာတာစီမံကိန်း ( ၁၁ ) ခု နဲ့ ပတ်သက်ပြီး NLD အစိုးရလက်ထက်တွင်တရုတ် CPI ကုမ္မဏီနှင့် တရုတ်အစိုးရက ပြန်လည် ချဉ်းကပ်လာမှုအပါ်ဒေသခံများက ကန့်ကွက်သွားရန်ချီဖွေမြို့ တွင် ပြုလုပ် သည့် ဆွေးနွေး ပွဲတွင် လူထုက သဘောထား ထုတ်ဖော်ခဲ့ကြသည်။

ဒေသခံများ၏ သဘောထားကို ထုတ်ဖော်သည့် ဆွေးနွေးပွဲတစ်ခုကို ကချင်ပြည်နယ် မြောက်ပိုင်း ချီဖွေမြို့ရှိ ချီဖွေ နှစ်ခြင်း ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ လူထုက ယခုလို ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

ရေကာတာ တည်ဆောက်မည်ဆိုပါက မိမိတို့ဒေသအတွက် မည်သည့် အကျိုးကျေးဇူးမျှ ရှိလာမည် မဟုတ်ကြောင်း၊ ဆုံးရှုံးမှုများကိုသာ ကြုံတွေ့ခံစားရမည်ဟု ဆွေးနွေးပွဲသို့တက်ရောက်လာသူ ချီဖွေမြို့ နယ်ရှိ ဇန်နောင်ယန်မူလတန်းကျောင်း အုပ်ဆရာမ ဒေါ်ဒေါင်လာမ့် မှ ယခုလိုပြောသည်။

“တက်ရောက်လာတဲ့အချိန်မှာတော့ ဒီရေအားလျှပ်စစ်အကြောင်း သိလိုက်ရတယ် ဘယ်နားမှာ ဘယ် နှစ်ခု တည်ဆောက်မယ်ဆိုတာလည်း သိလိုက်ရတယ် အဲဒါပိုပြီးတော့မှ ခံပြင်းတာပေါ့ ကျမတို့ အနေနဲ့ တကယ်လို့
လုပ်ခဲ့မယ်ဆိုရင်လည်း ကျမတို့ ဒေသခံတွေအတွက်တော့ ဘာအကျိုးရှိမှာမဟုတ်ဘူးတရုတ်တွေ ရဲ့ကျေး ကျွန်ဖြစ်နိုင်တယ် သူတို့ လုပ်စားသွားတဲ့အပေါ်မှာ ကျမတို့ကပဲ ဒေသ ပျက်ဆီးတာ တို့ လယ်ယာဆုံးရှုံးတာတို့
ဥယျဉ်ခြံတွေ ဆုံးရှုံးတာတို့ ဒါတွေပဲခံစားရမှာ ဖြစ်တယ် အဲဒါကြာင့်မို့ အရမ်းခံ ပြင်းတာပေါ့” ဟု ဒေါ်ဒေါင်လာမ့် မှပြောသည်။

မြစ်ဆုံရေကာတာစီမံကိန်းအပြင် မေခမြစ်ပေါ်တွင် ၅ ခု၊ မလိခမြစ်ပေါ်တွင် ၁ ခုနဲ့ ငေါ့ချန်းခမြစ်ပေါ် တွင် ၄ ခု စုစုပေါင်း ရေကာတာ ( ၁၁ ) ခု တည်ဆောက်သွားရန် ယခင် စစ်အစိုးရ လက်ထက်တွင် သဘောတူထားပြီး
ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ဆိုင်းငံ့ထားခဲ့ရာမှ ယခု NLD အစိုးရ လက်ထက်တွင် တရုတ်က ပြန်လည် ကမ်းလှမ်းကြိုးပမ်းလာခြင်းဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲမှ ရေကာတာစီမံကိန်း၊ ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်၍ ဗဟုသုတများ ကို ရရှိသည့် အပြင် မိမိတို့၏ သဘောထားဆန္ဒများကို ဧရာဝတီ မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း စီမံကိန်း ပြန် လည်စီစစ်သုံးသပ်ရေး ကော်မရှင်ထံသို့ စက်တင်ဘာလ ၂၇ ရက်နေ့တွင့် အိတ်ဖွင့်ပေးစာ ပေးပို့သွား မှာဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ချီဖွေမြို့သို့ ဧရာဝတီ မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းစီမံကိန်း ပြန်လည်စီစစ်သုံးသပ်ရေးကော် မရှင် ရောက်ရှိလာခဲ့သော်လည်း ဒေသခံများနှင့် တွေ့ဆုံခြင်း မရှိခဲ့ဘူးဟု သိရသည်။

ယခု ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲကို ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် ( KDNG )မှ ဦးဆောင် ကျင်းပပြုလုပ်ပြီး အလုပ် ရုံဆွေးနွေးပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်နဲ့ပတ်သက်၍ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် ( KDNG ) ၏ အထွထွေအတွင်းရေးမှူး ကိုစဂျီ မှ ယခုလိုပြောသည်။

“သမ္မတ သိန်းစိန်လက်ထက်မှာ ယာယီ ရပ်ဆိုင်းထားတယ်ဆိုတာ ကျနော်တို့သိရတယ် ဒါပေမဲ့ ဒီအခုဒီအစိုးရသစ် ပြန် လည် အာဏာရရှိလာတဲ့အချိန်မှာ တရုတ် CPI ကုမ္မဏီနဲ့ တရုတ်အစိုးရက ပြန်လည် ချည်းကပ်လာတဲ့အနေအထား မှာပြန်ရှိလာတယ် အဲဒီအတွက်ကြောင့်မို့ အစိုးရသစ်လည်း ဧရာဝတီ မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းစီမံကိန်း ကို ပြန်လည် စီစစ်ရေး သုံးသပ်ရေးကော်မရှင် ပြန်လည်ဖွဲ့စည်းတယ် အဲဒီဖွဲ့စည်းတဲ့အပေါ်မှာ ကျနော်တို့ ဒီဒေသခံပြည်သူလူထုတွေ စီမံကိန်းကြောင့် တိုက်ရိုက်ဆုံးရှုံးခံစား ရမဲ့ပြည်သူလူထုတွေ သဘောထားဆန္ဒအမှန်ကို ဖော်ထုတ်နိုင်ဖို့ရန်သူတို့ ရဲ့တကယ့်ကို အသံအစစ် ပေါ့ အသံအမှန်ကို ဖော်ထုတ်နိုင်ဖို့အတွက်ရယ် ဒီဟာကိုရရှိနိုင်ဖို့အတွက် ကျနော်တို့က သူတို့ကို ဒီ ဒေသခံ လက်ရှိအခြေအနေဘာတွေကြုံတွေ့နေရတယ် အနာဂတ်မှာ ဘာတွေစိုးရိမ်နေရတယ် ဆိုတာ သူတို့ ကောင်းကောင်းမွန်မွန်ပြောပြနိုင်ဖို့ ကျနော်တို့ ဒီရည်ရွယ်ချက်နဲ့ လုပ်ဆောင်ပေးတာပေါ့နော။” ဟု ကိုစဂျီ မှပြောသည်။

ချီဖွေဇုံနယ်အတွင်းရှိ ဒေသခံများအနေဖြင့် မြစ်ဆုံရေကာတာစီမံကိန်းအပြင် အခြား ရေကာတာစီမံ ကိန်းများ၊ချီဖွေအထက်မေ ခမြစ်အပါအဝင် ငေါ့ချန်းခမြစ်ပေါ်တွင် တည်ဆောက်မည့် ရေအား လျှပ်စစ်စီမံကိန်းများနှင့်ပတ်သက်၍ဆန္ဒထုတ်ဖော် ကန့်ကွက်ချင်သော်လည်း ထုတ်ဖော်ခွင့် ကန့်ကွက်ခွင့်၊ ကြုံတွေနေရတဲ့ အခက်ခဲတွေကိုမည်သည့်အဖွဲ့အစည်းမည်သူမည် ဝါကို ပြောပြရမည်မသိသော ကြောင့် ထုတ်ဖော်ခွင့်မရခဲ့ကြောင်း ဒေသခံများက ပြောသည်။

သမ္မတဦးသိန်းစိန် သက်တမ်းတလျှောက် ယာယီရပ်ဆိုင်းခဲ့သည့် အဆိုပါ ရေကာတာစီမံကိန်းများကို ထာဝရရပ်ဆိုင်းပေးဖို့ အစိုးရသစ်၊ တက်လာမည့် အစိုးရအဆက်ဆက်ကိုလည်း ဆက်လက်တောင်းဆို သွားမည်ဖြစ်ကြောင်းဒေသခံများက ပြောသည်။

စက်တင်ဘာလ ၂၂ရက်နေ့မှ ၂၃ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲကို မနက် ၉ နာရီမှ ၅ နာရီထိ ပြုလုပ်ခဲ့ပြီး ချီဖွေဇုံ နယ်ရှိ အနယ်နယ်အရပ်ရပ်မှ ဒေသခံ စုစုပေါင်း ၁၀၀ နီးပါးခန့် တက်ရောက်ခဲ့သည်။

၂၀၀၈ ခုနှစ်တွင် ချီဖွေမြို့နယ်ရှိ ဇန်နောင်ယန်ကျေးရွာတွင် အလုပ်ရုံဆွေးနွေးပွဲကို တစ်ကြိမ်ပြု လုပ်ခဲ့ သည်ဟုသိရသည်။ သို့သော် ယခုလို ချီဖွေဇုံနယ်အတွင်းရှိ အနယ်နယ်အရပ်ရပ်မှ ဒေသခံ အစုံအလင် ပါဝင်ပြီး ကျင်းပပြုလုပ်ခြင်းသည် ပထမဆုံး အကြိမ်ဖြစ်သည်။