မူဆယ်မြို့အတွင်း ပစ်ခတ်မှုဖြစ်ပွား

 သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဂေါက်ကွင်းအနီးတဝိုက်တွင် ယနေ့ ည ကိုးနာရီကျော် အချိန်ခန့်တွင် ပစ်ခတ်မှုများ ဖြစ်ပွားနေသည်ဟု ဒေခံများက ပြောသည်။

မူဆယ် မြို့ အဝင်ဘက်အခြမ်းတွင် လက်နက်ကြီးကျသံ၊ လက်နက် ငယ်သံများ ကြားနေရသည်ဟု မူဆယ် ဒေသခံ တစ်ဦးက ပြောသည်။

“ကိုးနာရီလောက်ကစပြီး သေနတ်သံကြားရတာ ဟိုဖက်ကကြားလိုက် ပစ်လိုက် ရပ်လိုက်ပေါ့ အပြင် လည်းထွက် မကြည့်ရဲဘူး။ ကားသံ ဆိုင်ကယ်သံလည်း တစ်ချက်တစ်ချက်ကြားရတယ်။ အခုလည်း ပစ်နေတယ်။ မြို့အဝင်ဘက် အခုပစ်နေပြီ။ ရဲစခန်းတော့ အခြေအနေ မကောင်းဘူး ထင်တယ်။” ဟု မူဆယ် ဒေသခံ တစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ပိတ်မိနေသော စစ်ရှောင်ပြည်သူများအား ကူညီကယ်ဆယ် ရေး ဆောင်ရွက်ရန် သွားရောက်ခဲ့သည့် လူမှုကယ်ဆယ်ရေး ကားနှစ်စီး ပစ်ခတ်ခံရပြီး ပရဟိတ လူငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မူဆယ်မြို့ ဂရုဏာလူမှုကူညီရေး အသင်းက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းမူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုံတွင် နိုဝင်ဘာလ ၂၀ ရက်နေ့မှ စတင်ပြီး ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် သေဆုံးသူ ၉ ဦး၊ ထိခိုက်ဒဏ်ရာ ရရှိသူ ၂၉ ဦး ရှိကြောင်း၊ စစ် ရှောင်ဒုက္ခသည် ၂၆၀၀ ကျော် ရှိကြောင်း သိရသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မူဆယ်-လားရှိုး ပြည် ထောင်စု လမ်းမကြီးကိုလည်း ယာယီပိတ်ထားရပြီး ကုန်သွယ်မှုများ ရပ်ဆိုင်းထားရသည်ဟု သိရ သည်။

အလားတူ မြန်မာပြည် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု ဖြစ်သော ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရက္ခိုင့်တပ်မတော်(AA)၊ တအာင်း(ပလောင်)အမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်( MNDAA)တို့မှ နိုဝင်ဘာလ ၂၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်တွင်လည်း ပြည်သူများအနေဖြင့် စစ်ရေးလှုပ်ရှားမှု ကာ လအတွင်း စစ်ဘေးဒဏ်မှ ရှောင်ရှားနိုင်ရန် အတွက် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ခရီးသွားလာခြင်း များ ခေတ္တဆိုင်းငံ့ကြပါရန် မေတ္တာရပ်ခံ တောင်းဆိုထားသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်-နမ့်ဖက်ကာ၊ မုံးကိုး၊ မှန်တုံ၊ ပန်ဆိုင်း ဒေသများတွင် တိုက်ပွဲများ ပြင်းထန်လျှက်ရှိကြောင်း သိရသည်။