ရှမ်းမြောက် စစ်ဘေးရှောင် ၂၆၀၀ ကျော် မူဆယ် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုံတွင် ယမန်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲများ ကြောင့် စစ်ဘေးရှောင်ဒုက္ခသည် ၂၆၀၀ ကျော် မူဆယ်မြို့နယ်ရှိ ကယ်ဆယ်ရေး စခန်းများတွင် လာရောက် ခိုလှုံ လျှက်ရှိကြောင်း သိရသည်။
မူဆယ်မြို့ရှိ မဟာဝန်(မြောက်ကျောင်း)တွင် ၆၅၆ ဦး၊ ဇေတဝန်ကမ္မဌာန်းကျောင်းတွင် ၄၈၆ ဦး၊ အောင်မင်္ဂလာ ကျောင်း(စွမ်စော်)တွင် ၆၀၈ ဦး၊ နမ့်ခွမ်ကျောင်းတွင် ၇၈၀ ဦးနှင့် ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းတွင် ၁၀၉ ဦး ရောက်ရှိလာကြောင်း သိရသည်။
၁၀၅ မိုင်အနီးရှိ မန်းမော်ရွာမှ နမ့်ခွမ်ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း စစ်ရှောင်လာသည့် တအာင်းအမျိုး သမီး အီလွယ်ကလည်း “ညမှာ အသံကြားတာ အစက တရုတ်တယောက်ယောက်သေလို့ ဗျောက်ဖောက်တယ် ထင်နေတယ်။ မနက်မိုးလင်းတော့ မဟုတ်ဘူး။ တိုက်ပွဲဖြစ်နေတာလေ။ ခေတ်မကောင်းဘူး။ ပြောင်းဖူးလည်း မချိုးရသေးဘူး။ ဘာမှလည်း မယူလာရဘူး။ အခြေ အနေမကောင်းဘူး ဆိုတော့ ကလေးခေါ်ပြီး ထွက်ပြေးလာ တာ။ ယောကျ်ားက အိမ်မှာ ကျန်ခဲ့တယ်။ ပြေးရအောင် ဆို သူက မပြေးချင်ဘူးတဲ့။ အိမ်စောင့်ကျန်ခဲ့မယ်တဲ့။ စိတ်ပူတယ်လေ။ ကြောက်လည်း ကြောက်တယ်။ ကျမတို့ ရွာက အမျိုးသမီးတွေ၊ ကလေးတွေ အသက်ကြီး ဟိုအဖိုးအဖွားတွေ အားလုံးပြေးလာတယ်။ ယောကျ်ားတွေပဲ အိမ်မှာ နည်းနည်းကျန်ခဲ့တယ်” ဟု ပြောသည်။
မန်းမော်ရွာသည် ၁၀၅ မိုင် နှင့် တစ်မိုင်ခန့်သာ ကွာဝေးပြီး အများစုမှာ တအာင်း၊ ရှမ်း နှင့် ကချင်တိုင်းရင်းသား များ လူဦးရေ ၂၀၀ ကျော်ခန့်ရှိပြီး ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများမှ ဘေးလွတ်ရာ ထွက်ပြေးတိန်းရှောင်လာကြပြီး အမျိုးသားအများစုမှ အိမ်စောင့် ရွာစောင့်ရန် ကျန်ရစ်ခဲ့သောကြောင့် စိုးရိမ် နေရကြောင်း တအာင်းအမျိုးသမီး အီလွယ်က ပြောသည်။
မူဆယ်မြို့ မဟာဝန်(မြောက်ကျောင်း)ဝင်းအတွင်း စစ်ရှောင် ဒုက္ခသည်များအား ကူညီပေးနေသူ အမျိုးသမီး တစ်ဦးက “ဘယ်လိုအကူညီပေးတယ်ဆိုတော့ ထမင်းတွေလည်း ကြွေးပေးတယ်။ နောက်ပြီးတော့ အလှူငွေ တွေပေါ့ ကျနော်တို့ လက်ခံပေးတယ်။ အင်္ကျ ီအနွေးထည်တို့ ဆန်တို့ ရေအကုန်လုံးကို ကျနော်တို့က သူ့အချိန်နဲ့ သူပေါ့နော ပြန်ပြီးမှ ဝေပေးပါတယ်ရှင့်။ နေရေးထိုင်ရေးကတော့ ကျနော်တို့ မြောက်ရပ်ကွက်မှာ ဆိုလို့ရှိရင် ရွှေ သဉ္စာခန်းမရယ် ဒီမြောက်ကျောင်း ဘုန်းကြီးကျောင်းမှာ တည်းထားပါတယ်။” ဟု ပြောသည်။
မူဆယ်မြို့နယ်အတွင်းရှိ အရပ်ဘက် လူမှုကူညီရေးအဖွဲ့အစည်းများ၊ ပရဟတိအဖွဲ့များမှ ဒုက္ခသည်များ လို အပ်နေသည့် စားရေးသောက်ရေးကိစ္စရပ်အပြင် ဆေးဝါး၊ အနွေးထည်၊ ခြုံစောင်းများနှင့် ဆန်များ လာရောက် လှူဒါန်းပေးလျှက်ရှိသည်ဟု အဆိုပါ အမျိုးသမီးက ပြောသည်။
မူဆယ်မြို့မှ ဒေသခံအာဏာပိုင်များ၊ မြို့သူမြို့သားများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ တတ်နိုင်သလောက် အကူအညီပေးနေသော်လည်း စစ်ရှောင်များအတွက် အကူအညီများ ထပ်မံ လိုအပ်နေသေးကြောင်း မူဆယ်မြို့ မှ အလှူရှင် ကိုချစ်မင်းသန်းက ပြောသည်။
“ကလေး ဦးထုပ်နဲ့ ကလေးအင်္ကျီဗျ။ လက်ရှည်ပေါ့နော်။ အခုက အေးတယ်ဆိုတော့လေ။ စစ်ဘေးဖြစ်နေတယ် ဆိုတော့လေ တိမ်းရှောင်နေရတဲ့လူတွေကို တတ်နိုင်သလောက် လာကူတာပါ။ ကျနော်တို့တတ်နိုင် သလောက် တော့ ကူညီနေပါတယ်။ ဒါပေမယ့် အကူအညီတွေကတော့ လိုနေသေးတယ်။ အခြေအနေကလည်း မတည်ငြိမ် သေးဘူးဆိုတော့။ လူကလည်း များတယ်ဗျ။ ဒီမှာပိုတဲ့ဟာကို တခြားနေရာမှာ ပြန်သွားလှူဖို့ လုပ်ထားတယ်။” ဟု မူဆယ်မြို့မှ အလှူရှင် ကိုချစ်မင်းသန်းက ပြောသည်။
မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုံ ကို နိုဝင်ဘာလ ၂၀ ရက်နေ့က မြန်မာပြည် မြောက်ပိုင်း မဟာမိတ် တပ် ပေါင်းစု ဖြစ်သော ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရက္ခိုင့်တပ်မတော်(AA)၊ တအာင်း(ပလောင်) အမျိုး သား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့မှ ဝင်ရောက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုတွင် အရပ်သား ပြည်သူများ အပါအဝင် သေဆုံးသူ ၉ ဦး ရှိပြီဖြစ်ကြောင်း မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက နိုဝင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ပြုလုပ်သည့် အစိုးရ ဌာနဆိုင်ရာများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် သတင်းမီဒီယာများအား မူဆယ်ခရိုင်အတွင်း စစ်ဘေး သင့် ပြည်သူများ နေရာချထားမှု အစီအစဉ်နှင့် ပတ်သက်ပြီး ရှင်းလင်းရာတွင် ပြောကြားခဲ့သည်။
“တိုက်ပွဲဖြစ်စဉ်မှာ အားလုံးပေါင်း ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူဦးရေ ပထမစာရင်းအရ ထိခိုက်သူက ကျား (၂၂) ဦး မ (၇) ဦး ပေါင်း (၂၉) ဦး ဖြစ်ပါတယ်။ သေဆုံးကတော့ ကျား (၇) ဦး၊ မ (၁) ဦး ဖြစ်ပါတယ်။ ပေါင်း (၈) ဦး။ ဒါပေမယ့် နောက်ဆုံး ရွှေလီမှာ ဒဏ်ရာမသက်သာလို့ စိုးရိမ်ရလို့ သွားကုတဲ့ အမျိုးသမီး တယောက်ကတော့ အဲ့ဒီ ညနေမှာပဲ သေဆုံးသွားခဲ့ပါတယ်။ သေဆုံး နောက်ဆုံးစာရင်းက (၉) ဦး။” ဟု ဦးကျော်ကျော်ထွန်းက ပြော သည်။
သေဆုံးသူများတွင် အရပ်သားပြည်သူ ၄ ဦး၊ တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး နှင့် ပြည်သူ့စစ် ၁ ဦး စုစုပေါင်း ၉ ဦး သေဆုံးခဲ့ပြီး ၂၉ ဒဏ်ရာရရှိခဲ့ကြောင်း ဦးကျော်ကျော်ထွန်းက ဆက်လက်ရှင်းပြသည်။
မူဆယ်မြို့ ကျင်းစန်းကျော့ လွယ်အင်ကျေးရွာအတွင်း ပိတ်မိနေသော စစ်ရှောင်ပြည်သူများအား ကူညီ ကယ် ဆယ်ရေး ဆောင်ရွက်ရန် သွားရောက်ခဲ့သည့် လူမှုကယ်ဆယ်ရေး ကားနှစ်စီး ပစ်ခတ်ခံခဲ့ရပြီး ပရဟိတ လူငယ် တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု မူဆယ်မြို့ ဂရုဏာလူမှုကူညီရေး အသင်းက ပြောသည်။
အလားတူ မူဆယ်မြို့ ဂေါက်ကွင်းအနီးတဝှိုက်တွင်လည်း နိုဝင်ဘာလ ၂၁ ရက်နေ့ ည ကိုးနာရီ အချိန်ခန့်တွင် ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။