ကောလဟာလ သတင်းများကြောင့် မူဆယ်ဒေသခံများ တရုတ်နိုင်ငံဘက်ခြမ်း ထွက်ပြေး

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်။

မူဆယ်မြို့အတွင်းရှိ ထောင်နှင့်ချီသော ဒေသခံပြည်သူများ တိုက်ပွဲနှင့် ပတ်သက်သည့် ကောလဟာလ သတင်းများကြောင့် တရုတ်နိုင်ငံဘက်ခြမ်းရှိ ကျယ်ဂေါင်မြို့အတွင်းသို့ ထွက်ပြေး ဝင်ရောက်လာကြသည်။

မူဆယ်မြို့အတွင်း နေ့လည် ၁၂ နာရီနောက်ပိုင်းတွင် ဖြစ်လာမည့် ကိစ္စရပ်များအား တာဝန်မယူဆိုသည့် စာများ ဖြန့်ဝေမှုတွေ ရှိနေသောကြောင့် ထွက်ပြေးလာကြခြင်း ဖြစ်သည်ဟု တရုတ်နိုင်ငံဘက်ခြမ်းရှိ ကျယ်ဂေါင်မြို့သို့ ထွက်ပြေးလာသည့် ဒေသခံများက ပြောသည်။

ကျယ်ဂေါင်မြို့သို့ ထွက်ပြေးလာသည့် မနီဆိုသည့် အမျိုးသမီး က “၄၅ ကုန်းဘက်မှာ ပစ်နေကြ တယ်လို့ပြောလို့ ပြေးလာတာ။ ကျမတို့နေတဲ့ရပ်ကွက်နဲ့ တစ်ရပ်ကွက်ပဲ ခြားတာလေ။ မနေ့ညကလည်း သေနတ် သံတွေ ကြားနေရတော့ လုံးဝမအိပ်ရဲဘူး။ ကလေးကလည်း ငယ်သေးတယ်။ အခု အသိအိမ်မှာ သွားနေမလို့ပါ။ အရမ်းကြောက်လို့။” ဟု ပြောသည်။

လက်ရှိအနေအထားအရ နေ့လည် ၁၂ နာရီနောက်ပိုင်း မည်သည့်ဆိုင်မှ မဖွင့်ရဆိုသည့် ကောလဟာလ သတင်းများကြောင့် မူဆယ်မြို့အတွင်းရှိ ဈေးဆိုင်များ၊ ဘဏ်များနှင့် ကျောင်းများ အားလုံးပိတ်ထားလိုက်ပြီ ဖြစ် သည်။

မူဆယ်မြို့တွင် သစ်သီးဆိုင်ဖွင့်ထားသည့် ဒေသခံတစ်ဦးမှလည်း “နေ့လည် ၁၂ နာရီ နောက်ပိုင်း ဖြစ်လာတဲ့ ကိစ္စတွေအတွက် တာဝန်မယူဘူး၊ ဈေးဆိုင်တွေလည်း ပိတ်ကြပါဆိုပြီး စာတွေ လာဖြန့်သွားတယ်။ ဘယ်သူ ဘယ်ဝါ ဘယ်အဖွဲ့အစည်းဆိုတာတော့ မသိဘူး။ အခု ဆိုင်တွေအကုန်ပိတ်ပြီး ပြေးလာတာ။ ဒီမနက် ၁၀ နာရီ ကျော်လောက်အထိကတော့ ဆိုင်ဖွင့်သေးတယ်။” ဟု အဆိုပါ ဒေသခံ က ပြောသည်။

အဆိုပါ သတင်းများမှာ ကောလဟာလ သတင်းများသာဖြစ်သည်ဟု မူဆယ်မြို့ရှိ ဒေသခံ တချို့က ပြောသည်။

မူဆယ်မြို့ရှိ ဒေသခံ တစ်ဦးဖြစ်သည့် ကိုစိုင်းက “ကျနော်တို့ကတော့ အိမ်မှာပဲဗျ။ ဘယ်မှမပြေးဘူး။ သတင်းတွေ ကလည်း ကောလဟာလတွေဖြစ်နေတာ။ လူတွေကတော့ ကြောက်ပြီး ထွက်ပြေးကြတာလေ။ ဒီလိုအချိန်ဆို ဒုစရိုက်သမားတွေ၊ ခိုးဆိုးလုရက်ချင်တဲ့ လူတွေအတွက်ကလည်း အခွင့်အရေးပဲလေ။ အဲ့ဒါကြောင့် ကျနော်တို့က အိမ်ထဲမှာနေရင်တော့ ဘာမှမဖြစ်လောက်ပါဘူး။ ဘယ်မှမသွားဘူး။ ထူးရင်တော့ ကျနော်တို့ ပြန်ပြောပြပါ့မယ်။” ဟု ပြောသည်။

သို့သော်လည်း တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင် ထောင်နှင့်ချီသော ဒေသခံများ တရုတ်ဘက်ခြမ်းသို့ ဝင်ရောက်လာနေကြသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ ည ၉ နာရီ အချိန်ခန့်တွင် မူဆယ်မြို့ အဝင်နှင့် ဂေါက်ကွင်း အနီးတဝှိုက်တွင် ပစ်ခတ် မှုများ ဖြစ်ပွားခဲ့သည်။

အလားတူ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကွတ်ခိုင်-နမ့်ဖက်ကာ ၁၀၅ မိုင်ကြားရှိ ကားလမ်း တလျှောက်၊ မုံးကိုး၊ ပန်ဆိုင်းနှင့် မန်တုံ မြို့နယ်များတွင်လည်း တိုက်ပွဲများ ပြင်းထန်လျှက် ရှိသည်။