၁၀၅ မိုင် ကုန်သွယ်ရေးဇုံ၌  စစ်ရေးပဋိပက္ခကြောင့် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်း ရပ်ဆိုင်းထားရ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုံအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် စစ်ရေး ပဋိပက္ခများကြောင့် မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် တရုတ်-မူဆယ်-မန္တလေး ကုန် သွယ်ရေး လမ်းကြောင်း ခေတ္တပိတ်ထားရပြီး ကုန်သွယ်မှုများ ရပ်ဆိုင်းထားရသည်ဟု သိရသည်။

တနိုင်ငံလုံး သွင်းကုန် ထုတ်ကုန်၏ ၇၅ ရာခိုင်နှုန်းခန့်သည် တရုတ်-မြန်မာကုန်သွယ်ရေး လမ်းကြောင်းမှ ဖြစ် သည့် အတွက် နိုင်ငံတော်အတွက် နေ့စဉ်ဝင်ငွေ ၈၀ ရာခိုင်နှုန်းခန့် နစ်နာနိုင်သည်ဟု မူဆယ်မြို့ရှိ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းက ပြောသည်။

“ဒီမူဆယ် ကုန်သွယ်ရေးဇုံကြီးဟာ နိုင်ငံတော်ရဲ့ သွင်းကုန်ထုတ်ကုန် ပမာဏ တစ်နိုင်ငံလုံး အတိုင်းအတာရဲ့ ၈၀ ရာခိုင်နှုန်းကို ထွက်နေတဲ့ နယ်စပ်ပေါက်ဖြစ်ပါတယ်။ တိုက်ပွဲ ဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာတော့ ကုန်သွယ်မှုက တော့ ရပ်တန့်သွားတယ်ပေါ့ တစ်ရက်လုံးနီးပါးပေါ့နော။ ကျနော်တို့ မနေ့က ဖြစ်လိုက်တဲ့ တစ်ရက် အတွက်တော့ နိုင်ငံတော် တစ်ရက်စာ အခွန်အခ ရရှိမှု မရှိခဲ့ဘူးပေါ့ ဒီလိုပဲသုံးသပ်ရပါတယ်။” ဟု မူဆယ်-နမ့်ခမ်း နယ်စပ်ကုန် သွယ်ရေး ကုန်သည်များအသင်း၏ အထွေထွေအတွင်းရေးမှူး ဦးထွန်းဦးက ပြောသည်။

နိုင်ငံတော်၏ နေ့စဉ်ဝင်ငွေ ၈၀ ရာခိုင်နှုန်းခန့်သည် တရုတ်-မူဆယ်-မန္တလေး ကုန်သွယ်ရေး လမ်းကြောင်းမှ ရရှိ နေခြင်းဖြစ်သည့်အတွက် ရေရှည် ဒီလမ်းကြောင်းမပိတ်အောင် နိုင်ငံတော်က စောင့်ရှောက်ပေးမည်ဟု ယုံကြည်ကြောင်း ဦးထွန်းဦးက ပြောသည်။

၁၀၅ မိုင် ကုန်သွယ်ရေးဇုံအတွင်း ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများ၊ တိုက်ပွဲများနှင့် စစ်ရေးပဋိပက္ခများကြောင်း နိုဝင်ဘာလ ၂၀ ရက်နေ့မှ ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ မူဆယ်-လားရှိုးပြည်ထောင်စု လမ်းမကြီး ပိတ်ထားရသည်။

မူဆယ်မြို့ရှိ ဂရုဏာ လူမှုကူညီရေးအသင်း၏ ဥက္ကဌလည်းဖြစ် ကုန်သည်တစ်ဦးလည်း ဖြစ်သည့် ဦးသောင်း ထွန်းက “ကျနော်တို့ ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုံက မြန်မာပြည်ရဲ့ နယ်စပ်ကုန် သွယ်ရေးဝင်ငွေ ၇၅ ရာခိုင် နှုန်းရှိပါတယ်။ တအားကို အရေးကြီးပါတယ်ခင်ဗျား။ လက်ရှိ ကုန်သွယ်ရေးကတော့ ဘာမှမလုပ်နိုင်ပဲနဲ့ အကုန်ရပ် သွားပြီးတော့ ကားသမားတွေရော၊ အေးဂျင့်တွေရော၊ ကုမ္မဏီရော ရောင်းဝယ်ရေးတွေရော ပွဲရုံတွေရော အကုန် လုံး ထွက်ပြေးရပါတယ်။ ဘာမှ မလုပ်နိုင်ဘူး အကုန်ရပ်သွားပါတယ်။” ဟု ပြောသည်။

မြန်မာနိုင်ငံဘက်ခြမ်းမှ တင်ပို့နေရသည့် ပစ္စည်းများမှာ သစ်သီးဝလံများ၊ ဆန်၊ ပြောင်းတို့ဖြစ်ပြီး တရုတ်ဘက် ခြမ်းမှ ပို့ကုန်များမှာ စက်ယန္တယားများ ဖြစ်သည်ဟု သိရသည်။

“မြန်မာဖက်ကအများဆုံးတင်ပို့တဲ့ ပစ္စည်းတွေကတော့ ပဲ၊ ပြောင်း၊ နှမ်း၊ ဆန်၊သကြား၊ အဲဒါတွေကတော့ ကျနော် တို့ ဒီဖက်ကနေပြီးတော့ အများဆုံးတင်ပို့တဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ တရုတ်ပြည်ဖက်ကတော့ ဆောက်လုပ်ရေး သုံးလုပ်ငန်းပစ္စည်းတွေ လျှပ်စစ်ပစ္စည်းပိုင်းဆိုင်ရာတွေ နောက် ကျနော်တို့ ယာဉ် ယန္တားယားအပိုပစ္စည်းတွေ နောက်ကျနော်တို့ မော်တော်ဆိုင်ကယ်တွေပေါ့ လျှပ်စစ်ပစ္စည်းအပိုပစ္စည်းတွေ အဲဒါတွေ အများဆုံး အပိုတင်သွင်း တာပါ။” ဟု မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း၏ အထွေထွေအတွင်းရေးမှူး ဦးထွန်းဦး က ဆက်ပြောသည်။

လက်ရှိ ရာသီတွင် မြန်မာနိုင်ငံမှ ထွက်သည့် သစ်သီးဝလံများ တရုတ်နိုင်ငံသို့ တင်ပို့သည့် ရာသီဖြစ်ပြီး ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ်နှင့် မူဆယ်-လားရှိုး ပြည်ထောင်စုလမ်းမကြီးအား ဆက်လက် ပိတ်ထားမည်ဆိုပါက ကုန်သည်များ အရှုံးပေါ်နိုင်သည်ဟု ကုန်သည်များက ဆိုသည်။

“ကျနော်တို့ နေ့စဉ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံက ဝင်ငွေ သိန်းပေါင်းသောင်းဂဏာန်း ရှိပါတယ်။ တစ်ရက်ကို သိန်း ပေါင်းသောင်းဂဏာန်း နစ်နာတယ်လို့ပဲ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆို ဒါတွေက ကြာရင်တော့ ပျက်ဆီးတဲ့ ကျနော်တို့ဖက်က ထုတ်တဲ့ပစ္စည်းက တော်တော်များများ ပျက်ဆီးမှုတွေ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ ဒီဖက်ကပို့တဲ့ ဖရဲသီးတွေ သခွားသီးတွေ ဆန်တွေ ဘာတွေက ကြာရင်တော့ ပြသာနာရှိတယ်။ တောင်သူလယ်သမားတွေလည်း တော်တော် ဒုက္ခရောက်ပါတယ်။ တတ်နိုင်သလောက် လမ်းကြောကို အမြဲတမ်း ဖွင့်နေစေချင်ပါတယ်။” ဟု ဦးသောင်းထွန်းက ပြောသည်။

မူဆယ်မြို့မှ ကုန်သည်များသည် နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များအား တိုက်ပွဲများ ရပ်တန့်ပေးစေလိုကြောင်း နှင့် ကုန်သွယ်ရေး လမ်းမကြီးအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပေးလိုကြောင်း ပြောသည်။

ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် မူဆယ်မြို့မှ ထောင်နှင့်ချီသော ဒေသခံများ တရုတ်ဘက်ခြမ်း ကျယ်ဂေါင် မြို့သို့ ထွက်ပြေးတိမ်းရှောင်လာနေကြသည်။