ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးများရရှိရန် တောင်းဆိုမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဒီဇင်ဘာလ ၁၈ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားနေ့ International Migrants Day အထိမ်းအမှတ် အခမ်းအနားကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ချင်းမိုင်တက္ကသိုလ် UNISERV တွင် ကျင်းပခဲ့ပြီး မြန်မာအလုပ်သမားများနှင့် ထိုင်းအလုပ်သမားများ၏ ခက်ခဲမှု ပြသနာများကို အဖြေရှာသည့် နှီးနှောဖလှယ်ပွဲ ပြုလုပ်ခဲ့သည်။

နှီးနှောဖလှယ်ပွဲတွင် ရွှေ့ပြောင်းအလုပ်သမားများ၏ ကြုံတွေ့နေရသည့် လုပ်ငန်းခွင် ကိစ္စများ ၊ ရသင့်ရထိုက်သည့် အခွင့်အရေး ချိုးဖောက်ခံနေရမှု ကိစ္စရပ်များနှင့် လက်ရှိရင်ဆိုင်နေကြရသည့် အခက်အခဲ ပြသနာများကို ဆွေးနွေးအဖြေရှာ၍ ချင်းမိုင်ခရိုင်ရုံးသို့ စာရေးတောင်းဆိုသွားရန် စီစဉ်ထားကြောင်း ရွှေပြောင်းအလုပ်သမားရေးရာအဖွဲ့ WSA မှ အတိုင်ပင်ခံပုဂ္ဂိုလ် နန်းထောင်းခမ်း က သတင်းထောက်များအား ပြောဆိုသည်။

အခက်အခဲတွေက အခု တချို့နေရာမှာ လုပ်အားခ အနည်းဆုံး လုပ်အားခလည်း မရသေးဘူး နားရက်မရသေးဘူးပေါ့နော် နောက်ပြီးတော့ ဒီ လက်မှတ်အတွက်ကိစ္စပေါ့နော် ဒီ ပန်းရောင်ကဒ်ကိုင်နေတဲ့ လူတွေရဲ့ အခက်အခဲပေါ့နော်၊ သွားလာရေး အခက်အခဲ နောက်ပြီးတော့ ဒီ Pass Port ကိုင်နေတဲ့လူတွေအခက်အခဲ နောက်ပြီးတော့ ယာဉ်မောင်းလိုင်စင် ဒီ ပန်းရောင်ကဒ် ကိုင်တဲ့ လူတွေက ယာဉ်မောင်းလိုင်စင် လုပ်ခွင့်မရသေးဘူးပေါ့နော် အဲ့ဒါတွေလည်းပါတယ်။

နှီးနှောဖလှယ်ပွဲတွင် ရွှေ့ပြောင်းအလုပ်သမားများ နယ်မြေကျော်လွန်သွားလာရေးကိစ္စ၊ ကိုင်ဆောင်ထားသည့် လက်မှတ်များတွင် နံပါတ်အက္ခရာ ၆ နှင့် ၀ ပါသော ဂဏာန်းများ၏ အကျိုးသက်ရောက်မှုကိစ္စ၊ ပန်းရောက်လက်မှတ်ကိုင်ဆောင်သူကိစ္စ၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုကိစ္စ၊ ကျန်းမာရေး အာမခံ ကိစ္စ၊ အစရှိသည့် အချက် ၁၀ ချက် ခန့်ကို တက်ရောက်လာသူများမှ အုပ်စု ၁၀ စုခွဲ၍ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲမှ ရရှိလာသည့် အချက်များကို ဒီဇင်ဘာလ ၁၉ ရက်နေ့ တနင်္လာနေ့တွင် ရွှေ့ပြောင်းအလုပ်သမားများ စုပေါင်းလမ်းလျှောက်ချီတက်ပြီး ချင်းမိုင်ခရိုင်ရုံးမှ တာဝန်ရှိသူများထံ စာရေးတောင်းဆိုသွားမည်ဟု သိရသည်။

ချင်းမိုင်မြို့အနီးတွင် ပန်းရံလုပ်ငန်းကို အလုပ်လုပ်ကိုင်နေသည့် ရှမ်းတိုင်းရင်းသားတစ်ဦးမှ ယနေ့ ကျင်းပသည့် နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ အခမ်းအနားကို တက်ရောက်ခွင့်ရ သည့်အတွက် ဝမ်းသာ ရပြီး သူ၏ ဆုံးရှုံးနေသည့် အခွင့်အရေးများ ရရှိရန် တောင်းဆိုသွားမည်ဟု ပြောဆိုသည်။

ကျနော့်ရဲ့ ဆန္ဒကတော့ ဒီ မြန်မာနိုင်ငံသားတွေ ယိုးဒယားနိုင်ငံမှာ အလုပ်လာလုပ်တဲ့အချိန်မှာ အားလုံးကို လုပ်အားခတွေလည်း များများရချင်တယ်။ နောက်ပြီး အလုပ်လုပ်ကိုင်တဲ့အချိန်မှာ လည်း လုပ်ငန်းခွင်မှာ လုံခြုံမှုကို ရယူချင်ပါတယ်။ ပြီးရင် သွားလာရေး ကိစ္စမှာ လွယ်လွယ် ကူကူနဲ့ သွားစေချင်ပါတယ်ခင်ဗျ။

ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားနေ့ International Migrants Day အထိမ်းအမှတ် အခမ်းအနားကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့အပြင် ဘန်ကောက်မြို့ရှိ မဟာချိုင်ဒေသမှာလည်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် MWRN အဖွဲ့က ဦးစီးပြီး ဝပ်ထစ်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာတွင် ရွှေ့ပြောင်းအလုပ်သမား တစ်ထောင် နီးပါး တက်ရောက်ခဲ့ကြသည်။