တပ်မတော်မှ လေယာဉ်များအသုံးပြု၍ ထိုးစစ်ဆင်နေဆဲဟု ပြောဆို
စစ်ဘေးဒုက္ခသည်များ ထပ်မံတိုးလာ
သတင်းနှင့် မီဒီယာ ကွန်ယက်။
ဇန္နဝါရီလ ၁၉ ရက်နေ့၊ ၂၀၁၇ ခုနှစ်။
ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်မြို့နယ်၊ မန်စီမြို့နယ်နှင့် ရွှေကူမြို့နယ်အတွင်း ကချင် လွတ်လပ်ရေး တပ်မတော် KIA နှင့် မြန်မာအစိုးရတပ်မတော်တို့အကြား ဇန်နဝါရီလ ၁၄ ရက်နေ့မှစ၍ ယနေ့အချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေပြီး အစိုးရတပ်မတော်မှ လေယာဉ်များအသုံးပြု၍ ထိုးစစ်ဆင်နေသည်ဟု ကချင် ငြိမ်းချမ်းရေး လေ့လာစောင့် ကြည့်သူများ နှင့် ကချင်ဒုက္ခသည်အရေး လုပ်ဆောင်နေသူများက ပြောသည်။
ဇန်နဝါရီလ ၁၇ရက်နေ့တွင် KIA တပ်မဟာ(၅) လက်အောက်ရှိ တပ်ရင်း(၂၃) နယ်မြေအတွင်းမှ မဆန်တပ် ကုန်း(Masen Kawng)၊ တပ်မဟာ(၃) ၏ တပ်ရင်း(၁၂)နယ်မြေအတွင်းမှ မဂျိတပ်ကုန်း(Maji Kawng)နှင့် မန် ဒတ်တပ်ကုန်း(Man Dat Kawng)၊ တပ်မဟာ(၄) လက်အောက်ရှိ တပ်ရင်း(၈) နယ်မြေက မန်ပိန်းတပ်ကုန်း (Man Pin Kawng)၊ တပ်မဟာ(၆) လက်အောက်ရှိ တပ်ရင်း(၃၆) နယ်မြေ မုန်ဘော်တပ်ကုန်း(Mung Baw Kawng)နှင့် နမ့်ဒေါင်တပ်ကုန်း(Nam Dawng) တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
“လွန်ခဲ့တဲ့ နှစ်ရက် သုံးရက်လောက်ကစပြီး ဒီ ဗန်းမော်ဘက် ရင်း(၁၂) ဘက်ပေါ့။ လေယာဉ်တွေနဲ့ ပစ်ခတ်ပြီး အကြီးအကျယ် ထိုးစစ်ဆင်နေတာပေါ့။ ဒီရက်ပိုင်းမှာပဲ ဒီတစ်ပတ်အတွင်းပဲ ထိုးစစ်တွေ အကြီးအကျယ် လုပ်နေ တာပေါ့နော်။ မန်စီဘက်ရော။ ဗန်းမော်နဲ့ ရွှေကူကြားပေါ့ဗျာ။” ဟု မြစ်ကြီးနားမြို့ အခြေစိုက် ကချင်ငြိမ်းချမ်း ရေးအကျိုးဆောင် အဖွဲ့(PCG) မှ ဦးဆမ်အောင်က ပြောသည်။
အဆိုပါတိုက်ပွဲများကြောင့် ဗန်းမော်မြို့နယ်နှင့် မန်စီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတချို့ ကိုလည်း ဒုက္ခသည် ၂၅၀ ကျော် ရောက်ရှိလာသည်ဟု ကချင်စစ်ဘေးရှောင် ဒုက္ခသည်များအား အကူ အညီပေးနေသည့် ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့မှ အတွင်းရေးမှူး ကိုဂွမ်ရှာအောင်က ယခုလို ပြောသည်။
“ကျနော်တို့ သိသလောက်ပေါ့နော်၊ ဒီဗန်းမော် နမ့်လင်းပါတဝှိုက်ပေါ့နော်၊ အဲ့ဒီမှာ တိုက်ပွဲတွေ ဆက်ပြီးမှ ဖြစ်နေ တယ်။ ဗန်းမော်ဧရိယာဘက်မှာလည်း တိုက်ပွဲတွေ ပြန်ပြင်းထန်လာတဲ့ အနေအထားရှိတော့ IDPs တိုးလာတဲ့ အနေအထားမှာ ရှိနေတာဖြစ်ပါတယ်။ အရေအတွက်အားဖြင့် မန်ဝိန်းကြီးဘက်ကို ၁၅၀ လောက် ရောက်လာ တယ်။ မိုင်းခေါင်ဘက်ကိုတော့ အရေအတွက် အားဖြင့် ၁၀၀ ဝန်းကျင် လောက် ရောက်နေပြီ ဆိုတာကို သိရတယ်။ ကျနော်သိသလောက်ကတော့ စရောက်လာတာကတော့ ၁၅-၁၆ ရက်နေ့ကနေပြီး ရောက်လာတယ်။ မနေ့ကအထိ ဆက်ရောက်လာနေတုန်းပါ။” ဟု ကိုဂွမ်ရှာအောင် က ပြောသည်။
ယခုရက်ပိုင်း၌ ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော တိုက်ပွဲများနှင့် ပတ်သက်၍ ကချင်လွတ်လပ်ရေးတပ် မတော် (KIA) မှ တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။
ကချင်ပြည်နယ်အတွင်း အစိုးရတပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြင်းထန်စွာ ပြုလုပ်နေခြင်းသည် တစ် နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA တွင် လက်မှတ်ရေးထိုးရန်အတွက် ဖိအားပေးမှု တစ်စုံ တစ်ရာ ဖြစ်နိုင်သော်လည်း ငြိမ်းချမ်းရေးအတွက် အလှမ်းပိုပြီးဝေးစေသည့် အနေအထားမျိုးကို တွန်းပို့နေခြင်း ဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ သုံးသပ်ပြောဆိုသည်။
ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆမ်အောင် က “တိုက်ပွဲတွေ က ၂၁ ရာစု ပင်လုံတက်ဖို့ အတွက် တွန်းအားပေးနေတဲ့ ပုံစံမျိုးလည်း ဖြစ်နေတယ်။ ၂၁ ရာစု ပင်လုံတက်ဖို့ ဖိအား ပေးတယ်ဆိုတာ ကလည်း မဖြစ်ဘူးဆိုတာကိုလည်း လူတိုင်းသိနေတာပဲ။ တိုက်ပွဲတွေ ဆက်ပြီး ဆင်နွှဲနေတယ် ဆိုရင်လည်း NCA လက်မှတ်ထိုးဖို့က ပိုပြီးဝေးသွားနိုင်တယ်။ ဒါ့ကြောင့် တောက်လျှောက် ဆွေးနွေးနေတဲ့ အချိန် မှာ ဒီလိုမျိုး ဖြစ်နေတယ်ဆိုတာ ငြိမ်းချမ်းရေးအတွက် အလားအလာလုံးဝမကောင်းဘူး။ ပိုပိုပြီး အလှမ်းဝေးစေနိုင် တယ်။” ဟု သုံးသပ် ပြောဆိုသည်။
၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ငြိမ်သက်နေခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်လာပြီဖြစ် သောကြောင့် မြန်မာ့တပ်မတော်အနေဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း ပြုလုပ် နေသည့် ထိုးစစ်ဆင်မှုများ ရပ်တန့်၍ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ ပိုမိုလုပ်ဆောင်သင့်သည်ဟု ကချင်နိုင်ငံရေး ပါတီတစ်ခုဖြစ်သည့် ကချင်ဒီမိုကရက်တစ်ပါတီ(KDP) ဥက္ကဌ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။
“ကျနော်တို့ နိုင်ငံရေးပါတီကတော့ ကျနော်တို့ မြင်တာကတော့ ဒီလိုမျိုး အဓိကကတော့ ထိုးစစ်ဆင်နေတာက တော့ ဗမာစစ်တပ်ပေါ်မှာ မူတည်ပါတယ် သူတို့ စစ်ကိုရပ်စဲပြီးမှ အမြန်ဆုံး အဆုံးသတ်မယ်ဆိုရင် ဒီဟာမျိုး ပြော စရာလည်း မလိုပါဘူး။ ဒါကြောင့် စစ်ကို အမြန်ဆုံး ရပ်စဲဖို့ပဲ လိုအပ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ပါတီ အနေ ရော ထိုးစစ်ဆင်မှုကို ရပ်တန့်ပြီးမှ စစ်အမြန်ဆုံး ရပ်စဲပြီးမှ ငြိမ်းချမ်းရေးကို အမြန်ဆုံးဖော်ဆောင်ပြီးမှ နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးမှုကို လုပ်စေချင်ပါတယ်။” ဟု ဦးကွမ်ဂေါင်အောင်ခမ်း က ပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ(၃)၊ တပ်ရင်း(၁၂) ဌာနချုပ်စခန်းအပါအဝင် စခန်း(၃) ခုအား ဇန်နဝါရီလ ၁၃ ရက်နေ့မှ စတင်ပြီး လေကြောင်း၊ အမြောက်နှင့် လက်နက်ကြီးများဖြင့် ချဉ်းကပ်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ဖေ့ဘုတ် လူမှုကွန်ယက်တွင် ထုတ်ပြန်ခဲ့သည်။