တပ်မတော်မှ KIA တပ်ရင်း ၁၂ အား ထပ်မံသိမ်းပိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန္နဝါရီလ ၁၉ ရက်နေ၊ ၂၀၁၇ ခုနှစ်။
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ (၃၊ ၄၊ ၅၊ ၆) လက်အောက်ရှိ တပ်စခန်းကုန်း တချို့တွင် အစိုးရတပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများ ပြင်းထန်လျှက်ရှိပြီး (KIA) တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ အား ယမန်နေ့က မြန်မာ့တပ်မတော်မှ သိမ်းပိုက်လိုက်သည် ဟု သိရသည်။
ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ အား မြန်မာ့တပ်မတော်မှ ယမန်နေ့က ဝင်ရောက် သိမ်းပိုက်လိုက်သည်ဟု ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ တပ်မဟာ ၃ တပ် ရင်း ၁၂ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဂျွန်းအောင်မှ အတည်ပြု ပြောဆိုသည်။
“ဟုတ်ပါတယ် မနေ့က ၁၀ နာရီလောက်မှာ ဝင်သွားတယ် သူတို့ အဲဒီ မြန်မာ စစ်ကြောင်းကနေ ဝင်သွားတယ်။ ၅ ရက် ၆ ရက်လောက် တိုက်ခိုက်တယ်။ ဆင်တွေရော၊ လေယာဉ်နဲ့ရော သူတို့ ဝင်တိုက်လို့ အဲဒါ ကျနော်တို့ နည်းနည်းတော့ ဆုတ်ပေးလိုက်တဲ့ သဘောပေါ့။ ကျနော်တို့ တပ်စခန်း အဟောင်းတွေ ကျနော်တို့ဖက်က မီးရှို့ ပစ်တဲ့ နောက်ပိုင်း ၂ ရက် ၃ ရက်ဆိုမှ သူတို့ဝင်လို့ရသွားတယ်။” ဟု ဒု-ဗိုလ်မှူး ကြီး ဂျွန်းအောင် က ပြောသည်။
ဇန်နဝါရီလ ၁၉ ရက်နေ့တွင်လည်း ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်၊ မန်စီနှင့် ရွှေကူမြို့နယ်တို့တွင် တိုက်ပွဲ များ ပြင်းထန်လျှက်ရှိပြီး အစိုးရတပ်မတော်မှ တပ်အင်အားတိုးချဲ့မှုများဆက်လက် လုပ်ဆောင်နေသည် ဟု ဒု-ဗိုလ်မှူးကြီး ဂျွန်းအောင် က ဆက်ပြောသည်။
“မနေ့က ၁၀ နာရီကနေ ဒီနေ့ ဒီအထိတော့ အခုအထိတော့ မြည်နေသေးတယ်။ အခုထိုးစစ်ဆင် လုပ်နေတုန်းပဲ ဆိုတော့ ပြန်ဖြစ်လာမဲ့ အခြေအနေတော့ ရှိသေးတယ်။ တိုက်ခိုက်မှုရှိတယ်။ အခုက သူတို့ဘက်က တပ်မ ၈၈ ရယ် နောက်က တစ်ခြားတပ်ရင်းတွေလည်း ရှိသေးတယ်။ တပ်ရင် ၅ ရင်း ၆ ရင်း လောက် ရှိမယ်ထင်တယ်။ အခု ဒီလွယ်ခမ်းတို့ ဘာဖန် နမ့်လင်းပါ ဒီ တစ်ဝိုက်မှာ အခု စစ်ကြောင်း တွေ အခု ဒီကြားမှာ ရှိနေတယ်။ ရွှေလီမြစ် ကမ်းဖက် တစ်လျှောက်မှာလည်း တပ်အင်းအားတွေ ထပ်ဝင်လာ တယ်လို့ သတင်းကြားရတယ်။ နယ်မြေစိုးမိုးရေး သဘောလောက်ရှိနေပါတယ်။ သူတို့က အခုဒီ နမ့်လင်းပါတို့ မဂျီကုန်းတို့ ဒီကြားမှာ တပ်ရင်း ၂၇ နဲ့ ၁၂ အဲဒီထဲမှာ ဆိုလို့ရှိရင် သူတို့ ထိုးစစ်ဆင်တဲ့နေရာမှာဆို တပ်နေရာချတဲ့ သဘောပေါ့ အဲ့လိုရှိနေတယ်လို့ပဲ ယူဆတယ်။” ဟု ဒု-ဗိုလ်မှူးကြီး ဂျွန်းအောင် မှ ဆက် ပြောသည်။
တပ်မဟာ(၃) လက်အောက်ခံ တပ်ရင်း(၁၂) ထိန်းချုပ်နယ်မြေအတွင်းရှိ နမ့်လင်းပါ(Nam Lin Pa)၊ နမ့်ဒတ်(Nam Dat) ဆဂါး(Saga)နှင့် ခလန်း(Hkalen) တပ်စခန်းကုန်းတို့တွင် လက်ရှိတိုက်ပွဲများ ဖြစ်ပွားနေသည် ဟု သိရသည်။
ယခုရက်ပိုင်းအတွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ကြား တိုက်ပွဲများ ပြင်း ထန်စွာ ဖြစ်ပွားလျက်ရှိပြီး မြန်မာ့ တပ်မတော်မှ ဇန်နဝါရီလ ၁၃ ရက်နေ့မှ စတင်ကာ မြေပြင် ထိုးစစ်အပြင် လေ ကြောင်းပစ်ကူ၊ အမြောက်ပစ်ကူများဖြင့် အသုံးပြုကာ ၎င်းစခန်းအား ယမန်နေ့က သိမ်းပိုက်ခဲ့သည်ဟု တပ်မ တော်ကာကွယ်ရေး ဦးစီးချုပ်ရုံး facebook လူမှုကွန်ယက်တွင် ဖော်ပြထားသည်။
အဆိုပါတိုက်ပွဲများကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုနှင့် ပတ်သက်၍ အတိအကျမသိရသေးပေ။
တပ်မဟာ(၃) တပ်ရင်း-၁၂ အနီးတဝှိုက်တွင် မန်ကောင်ရွာ၊ လွယ်ခမ်းရွာ၊ ဘာဖန်ရွာနှင့် နမ့်မော်ရွာတို့တည်ရှိပြီး အဆိုပါကျေးရွာမှ ဒေသခံ ရွာသားများအတွက် စိုးရိမ်ရကြောင်း ဒု-ဗိုလ်မှူးကြီး ဂျွန်းအောင် က ပြောသည်။
ထိုကဲ့သို့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အား အစိုးရတပ်မတော်မှ ထိုးစစ်ဆင်မှုများ ပြင်းပြင်း ထန် ထန် ပြုလုပ်နေခြင်းသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ် ထိုးရန် ဖိအားပေးနေခြင်းမျိုး ဖြစ်နိုင်သည်ဟု နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး လေ့လာစောင့် ကြည့်သူများ က သုံး သပ်မှုများ ရှိနေသည်။
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ထိုးစစ်ဆင်တိုက်ပွဲများ၊ စခန်းသိမ်းတိုက်ပွဲများနှင့် ပတ်သက်၍ မြန်မာ့ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်သူ ဦးမောင်မောင်စိုးက “စစ်ရေးအရ ဖိအားပေး တယ်လို့ တော် တော်များများက ယူဆကြပါတယ်။ ဆိုလိုတာက NCA မှာ အစိုးရက သတ်မှတ်ထားတဲ့ အတိုင်း လက်ခံပြီး ထိုး အောင်လို့ပေ့ါနော်၊ အစိုးရဆိုတာလည်း တပ်မတော်က ဆုပ်ကိုင်ထားတဲ့ NCA မူ အတိုင်း မပြင်မဆင်ပဲနဲ့ ထိုး အောင် ဖိအားပေးတာ ဖြစ်နိုင်တယ်လို့ အများကတော့ သုံးသပ်ကြပါတယ်။ ဖြစ်လည်း ဖြစ်နိုင်ချေရှိပါ တယ်။ ဒါပေမယ့် အဲ့လိုဖိအားပေးလို့ကတော့ ကျနော်ကတော့ ရလာဒ်ကောင်း ရလာမယ်လို့ မထင်ဘူးဗျ။ စစ်ပွဲတွေ ပိုပြီးတော့ ပြင်းထန်လာနိုင်တယ်လို့ မြင်ပါတယ်။” ဟု သုံးသပ် ပြောဆိုသည်။
မြန်မာ့တပ်မတော်မှ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ အရေးပါသော တပ်စခန်းကုန်းများ ဖြစ်သည့် ဂိဒေါင်၊ လိုင်ဖောင်နှင့် အနီးအနားရှိ တပ်စခန်းကုန်းငယ်များအား ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ လလယ် ပိုင်းမှ စတင်၍ သိမ်းပိုက်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲများ ဆက်လက် ဆင်နွှဲနေသည်မှာ ယနေ့တိုင် ဖြစ်သည်။