ကချင်ကျောင်းဆရာမ နှစ်ဦး အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး ဆုတောင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန္နဝါရီလ ၁၉ ရက်နေ့၊ ၂၀၁၇ ခုနှစ်။

စေတနာ့ဝန်ထမ်း ကချင်ကျောင်းဆရာမနှစ်ဦး အသတ်ခံခဲ့ရသည့်အမှု အမြန်ဆုံး အမှုမှန်ပေါ်ပေါက်ရေးနှင့်၂ နှစ် ပြည့် အောက်မေ့ သတိရ ဆုတောင်းပွဲ အခမ်းအနားကို ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် နမ့်တောင်း ကျေးရွာအုပ်စု ကောင်းခါး ကျေးရွာရှိ ကျောင်းဆရာမနှစ်ဦး အသတ်ခံခဲ့ရသည့် ဘုရားကျောင်းဝင်းအတွင်း ယနေ့ကျင်းပပြု လုပ်ခဲ့သည်။

စေတနာ့ဝန်ထမ်း ကျောင်းဆရာမ နှစ်ဦးဖြစ်သည့် ဆရာမခေါန်နန်စင်နှင့် ဆရာမ မရန်လုရာတို့ အသတ်ခံရ သည်မှာ ယနေ့တွင် ၂ နှစ်ပြည့်ပြီဖြစ်သော်လည်း အမှုမှန် တစ်စုံတစ်ရာ ပေါ်ပေါက်လာခြင်း မရှိသေးသည့် အတွက် ပြည်သူများအနေဖြင့် အမှုမှန် အမြန်ဆုံး ပေါ်ပေါက်စေချင်သည်ဟု အောက်မေ့ သတိရ ဆုတောင်းပွဲ သို့ တက်ရောက်လာသူများမှ ပြောသည်။

“ဒီ အမှုနဲ့ ပတ်သက်ပြီးမှ အခု ၂ နှစ်ရှိပြီပေါ့ကွာ ၂ နှစ်ပြည့်ပြီ ဒီနှစ်နှင့်ဆို ဒါပေမဲ့ အခုထိ အမှုမှန် မပေါ်သေး ဘူး ပေါ့ကွာ။ တက်ရောက်တဲ့လူတွေကျတော့ ဒီအမှုမှန် အမြန်ပေါ်ပေါက်ဖို့ လိုလားတယ်ပေါ့နော။ အမှုမှန် အမြန်ဆုံး ပေါ်ပေါက်အောင် ဆန္ဒရှိတဲ့ဟာကို လုပ်တဲ့သဘောပေါ့။ ဒီဟာတော့ အခုက အားလုံးကတော့ ဒီ အမှုမှန်ပေါ် ပေါက်ဖို့တော့ လိုလားတယ် ဒါပေမဲ့ ဒီဟာကျတော့ အခုထက်ထိ အမှုမှန်မပေါ်သေးဘူး ဖြစ်နေတာ အတွက် အားလုံးက စိတ်မကောင်းကြဘူးပေါ့ကွာ အမြန်ဆုံး အမှုမှန်ကို ဖော်ထုတ်နိုင်ဖို့ပေါ့ အဲဒါကို ပြည်သူလူ ထုတွေက လိုလားနေတဲ့ဟာပေါ့နော အားလုံးက အဲလို ဖြစ်စေချင်တာပေါ့ကွာ။” ဟု ဆု တောင်းပွဲသို့ သွားရောက်ခဲ့သည့် မူဆယ်မြို့မှ ကိုထွယ်အောင် မှ ပြောသည်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပြုလုပ်သည့် နှစ်နှစ်ပြည့် အောက်မေ့သတိရ ဆုတောင်ပွဲအား ကချင် နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ ဦးဆောင် ကျင်းပပြုလုပ်ခဲ့ခြင်းသည်။

ဆရာမခေါန်နန်စင်၏ မိခင် ဒေါ်လုဘူကလည်း “အမှုမှန်ပေါ်ပေါက်ဖို့ပဲ ဆုတောင်းနေတယ်။ ဘယ်လောက်ပဲ ကြာကြာ အမှုမှန်ပေါ်ဖို့ပဲ ဖြစ်စေချင်တယ်လေ။ အခုထိ သမီးရဲ့ အလောင်းကို မြင်ယောင်နေမိတယ်။ ကျမတို့က ဘာမှ မတတ်နိုင်ဘူးလေနော်။ သမီးလေးက သူများတွေ အဓမ္မပြုကျင့်တာခံပြီး သေခဲ့ရတာ ဆိုတော့ ဘယ်လိုမှ မမေ့နိုင်ဘူးလေ။” ဟု ပြောသည်။

ယင်းအောက်မေ့ သတိရဆုတောင်းပွဲတွင် ကချင် ကျောင်းဆရာမ နှစ်ဦး အသတ်ခံခဲ့ရသည့် ပုံစံအား ပြဇာတ် သဖွယ် လူငယ်များက တင်ဆက်ခဲ့ပြီး၊ အမှုလိုက်နေသည့် ရှေ့နေ ဦးဘရန်ဒီးမှ အမှု၏ နောက်ဆုံး အခြေ အနေနှင့် ပတ်သက်၍ ပြောဆိုခဲ့သည်။ ထို့အပြင် တက်ရောက်လာသည့် ပြည်သူများမှလည်း အမှုမှန် ပေါ် ပေါက်ရန်အတွက် ဝိုင်းဝန်းဆုတောင်း မေတ္တာပို့သခဲ့သည်ဟု ကိုထွယ်အောင် မှ ဆက်ပြောသည်။

အမှုဖြစ်ပွားခဲ့သည့် ပတ်ဝန်းကျင် အခြေအနေနှင့် ပတ်သက်၍ ကချင်ဒီမိုကရက်တစ်ပါတီ(KDP) မှ ဥက္ကဋ္ဌ ဦးကွမ်ဂေါင် အောင်ခမ်းမှ ယခုလိုပြောသည်။

“တကယ်တော့ ဒီမှာ သွားလာနေတာက စစ်တပ်ပဲရှိတာကိုး အဲဒီစစ်တပ် အနီးစပ်ဆုံးက ဒါပဲရှိတယ်။ ဒါပေမဲ့ ကျနော်တို့လည်း လက်ပူးလက်ကြပ်မမိဘူး။ မသိဘူးဆိုတော့လည်း ပြောရတာလည်းခက်တယ်။” ဟု ဦးကွမ် ဂေါင်အောင်ခမ်းမှ ပြောသည်။

စေတနာ့ဝန်ထမ်း ကချင်ကျောင်းဆရာမနှစ်ဦး အသတ်ခံခဲ့ရသည့်အမှုနှင့် ပတ်သက်၍ ကိုထွယ်အောင်မှ “ဒီလိုမျိုး အဖြစ်ကျတော့ ကျနော်တို့ ဒေသမှာလည်း တစ်ခါမှ မကြားဖူးဘူးလေနော။ ဖြစ် လေ့ ဖြစ်ထလည်း မရှိဘူး။ ဒီတော့ ဒီအမှုဟာ ကျတော့ ဒီ အဖွဲ့အစည်း တစ်ခုခုကပေါ့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ် တဲ့ သဘောသက် ရောက်တယ်ပေါ့။ အဲဒါကို ပြည်သူလူထုတွေက စိတ်မကောင်းကြဘူးပေါ့ဗျား။ ဒီနောက် နောင် ဒါမျိုးမဖြစ်အောင်ပေါ့ တရားဥပဒေစိုးမိုးရေး၊ အမျိုးသမီးကို ကာကွယ်တဲ့ဟာတွေ လုံခြုံတဲ့ ပတ်ဝန်းကျင် ဖြစ်အောင်ပေါ့ကွာ အဲဒါတွေ ဝိုင်းဝန်းလုပ်ဆောင်ဖို့ ရန်အတွက် အားလုံးဟာ တာဝန်ရှိတယ်ဆို တဲ့ဟာကို ပြောချင်တယ်။” ဟု သူ၏ခံစားချက်ကို ပြောသည်။

အဆိုပါ စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး သေဆုံးမှုသည် အဓမ္မပြုကျင့်၍ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး အဆိုပါ လူသတ်မှုနှင့်ပတ်သက်၍ အစိုးရတပ်မတော်မှ ကျူးလွန်ခြင်းသာ ဖြစ်နိုင်ကြောင်း ကချင်လူထု တစ် ရပ်လုံးသာမက၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ နှင့် ဥပဒေပညာရှင်များက သုံးသပ်ခဲ့ကြသည်။

သို့သော်လည်း ၎င်းကိစ္စနှင့် ပတ်သက်၍ တပ်မတော်မှ မကျူးလွန်ကြောင်း၊ တပ်မတော်အား စွပ်စွဲ ပြော ဆိုခြင်းများ၊ မဟုတ်မမှန် သတင်းရေးသားခြင်းများ ပြုလုပ်ပါက တရားဥပဒေအရ ထိရောက်စွာ အရေးယူသွား မည်ဖြစ်သည်ဟု ၂၀၁၅ ခုနှစ် ဇန်နဝါရီလ (၂၉ ) ရက်နေ့တွင် ထုတ်ဝေသည့် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့သည်။

ယနေ့တွင် ကျင်းပသည့် အောက်မေ့ သတိရ ဆုတောင်းပွဲအခမ်းအနားသို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ အထွေထွေ အတွင်းရေးမှူးချုပ် Rev.ဆမ်ဆွန် အပါအဝင် မိုးမောက်မြို့နယ်ရှိ ကချင်နှစ်ခြင်းအသင်း တော်မှ Rev.ဦးဇောင်းရာ နှင့် ကိုယ်စားလှယ်များ၊ အနယ်နယ်အရပ်ရပ်မှ လူငယ်များ၊ အမျိုးသမီးများ စုစုပေါင်း လူဦးရေ ၁၀၀၀ ဝန်းကျင်ခန့် တက်ရောက်ခဲ့သည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ စေတနာ့ဝန်ထမ်း နှစ်ဦးဖြစ်သည့် ဆရာမခေါန်နန်စင်နှင့် ဆရာမ မရန်လုရာတို့သည် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကောင်းခါးကျေးရွာ အတွင်းရှိ ဘုရားရှိခိုးကျောင်း ဝင်းအတွင်း၌ အဓမ္မပြုကျင့်ခံရကာ ရက်စက်စွာ အသတ်ခံခဲ့ရခြင်းဖြစ်ပြီး ယနေ့အချိန်ထိ အမှုမှန်မပေါ်ပေါက် သေးပဲရှိနေခြင်းဖြစ်သည်။