ဓမ္မဆရာနှစ်ဦးဖမ်းဆီးခံထားရမှု အမှန်တရားပေါ်ပေါက်ရေး KBC မှ ဆောင်ရွက်မည်ဟုပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန္နဝါရီလ ၂၀ ရက်နေ့၊ ၂၀၁၇ ခုနှစ်။
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် မုံကိုးမြို့ရှိ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်(KBC) လက်အောက်ရှိ မုံး ကိုး ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာနှင့် သင်းထောက်တို့ နှစ်ဦးအား တပ်မတော်မှ ဖမ်း ဆီးခေါ်ဆောင်ထားမှုနှင့် ပတ်သက်ပြီး တရားဥပဒေအရ အမှုမှန်ပေါ်ပေါက်ရေး ဆက်လက်လုပ်ဆောင်သွား မည်ဟု ကချင်နှစ်ခြင်းအဖွဲ့ချုပ် (KBC) မှ ပြောသည်။
ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ၏ ဓမ္မအမှုတော်ဆောင်ဆရာ ဦးလန်းဂျော်ဂမ်ဆိုင်းနဲ့ သင်းထောက် ဦးဒွမ်ဒေါ့ နောင်လတ်တို့ နှစ်ဦးအား မြန်မာ့တပ်မတော်မှ ဖမ်းဆီးထားသည်ဟု ယမန်နေ့ (ဇန်နဝါရီ ၁၉) ရက် နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့ပြီးနောက် သတင်းနှင့် မီဒီယာကွန်ရက်မှ KBC အား ဆက်သွယ်မေးမြန်းရာ KBC မှ ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။
ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်(KBC)မှ အထွေထွေ အတွင်းရေးမှူးချုပ် သိက္ခာတော်ရဆရာတော် Dr. ခါ လမ်ဆမ်ဆွန် မှ “ကျနော် တို့ အဲဒါအခု အဲဒီ အကြောင်း ပြန်ပြီးမှ သတင်းရလာလို့တောင် ကျနော်တို့ ဝမ်းသာ တယ်။ အသက်ရှင်လျက် ရှိတဲ့ အကြောင်း ပေါ့နော။ ကျနော်တို့ မုံးမောင်းအသင်းတော်များအဖွဲ့နဲ့ ပူးပေါင်းပြီးမှ ကျနော်တို့ ဒီ ကချင်ရှေ့နေများ ကွန်ရက် ရှမ်းပြည်နယ် နှင့် ဆက်လက် လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ကျနော်တို့ ကတော့ တရားရုံးမှာ ရောက်ရင် တော့ အမှန်တရားပေါ် အောင် ကျနော်တို့ ဆက်လက်ဆောင် ရွက်ဖို့ ရှိပါတယ်။” ဟု ပြောသည်။
ပျောက်ဆုံးနေသော အမှုတော်ဆောင်နှစ်ဦးအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဖမ်းဆီးထားကြောင်း သတင်းထုတ်ပြန်ရခြင်းမှာ နိုင်ငံတကာမှ ဖိအားများပေးလာသည့် အတွက်ကြောင့် ဖြစ်နိုင်သည်ဟု သိက္ခာတော် ရ ဆရာတော် Dr. ခါလမ်ဆမ်ဆွန် က ပြောသည်။
မြန်မာ့တပ်မတော်မှ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ အမှုတော်ဆောင်နှစ်ဦး ဖမ်းဆီးထားသည့်အကြောင်း အရင်းနှင့် ပတ်သက်၍ “မနေ့ကညက မြဝတီနှင့် မြန်မာ့အသံမှာတော့ ရှမ်းမြောက်ဒေသမှာ အကြမ်းဖက်ပြုချက်များမှာ သူ က အကြမ်းဖက် သောင်းကျန်းသူများအတွက် ငွေကြေး ထောက်ပံ့ကူညီတယ်။ သတင်းပေးတယ်။ လူသစ်စု ဆောင်းပေးတယ်။ ပြီးတော့ သူက မဟုတ်မှန် လုပ်ကြံဝါဒဖြန့်ခြင်းများ ဆောင်ရွက်ခဲ့သူ နှစ်ဦးလို့ သူက ဆိုထား တယ်ဗျ။ အဲလိုတော့ ဆိုထားတယ်။ သူက ၁၇/၁ ၁၇/၂ ပေါ့ အဲနှစ်ခုပဲ ရှိပါမယ်ဗျာ။” ဟု မူဆယ်မြို့မ ရဲစခန်းမှ ရဲစခန်းမှူး ဒု-ရဲမှူး အေးမြင့်မှ ပြောသည်။
အဆိုပါ ဓမ္မအမှုတော်ဆောင် နှစ်ဦးမှာ ပြစ်မှုကျူး လွန်ကြောင်း ပြစ်မှုထင်ရှားပါက မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) (၂) တို့အရ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ညတွင် မြဝတီနှင့် မြန်မာ့အသံတို့မှ သတင်းထုတ်ပြန်ချက်အရ သင်းအုပ် ဆရာနှစ်ဦးအား မြန်မာ့တပ်မတော်မှ စစ်ဆေးနေစဲဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်မှ စစ်ဆေးမေးမြန်းပြီးပါက တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက် သွားမည်ဆိုပါက လုပ်ထုံးလုပ်နည်းအရ မိမိတို့ သက်ဆိုင်ရာ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ရမည် ဖြစ်သည်ဟု ဒု-ရဲမှူး အေးမြင့်မှ ဆက်ပြောသည်။
မြန်မာ့တပ်မတော်မှ အမှုတော်ဆောင်ဆရာ နှစ်ဦးနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက်ထဲတွင် ပါသော အချက်များသည် မဟုတ်မှန်ကြောင်း၊ စွပ်စွဲမှုသက်သက်သာဖြစ်ကြောင်း KBC မှ ပြောဆိုသည်။
ပျောက်ဆုံးနေသည့် အမှုတော်ဆောင် ဆရာနှစ်ဦးကိစ္စအား ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ နိုင်ငံ တော် သမ္မတထံသို့ ဇန်နဝါရီ (၉) ရက်နေ့တွေ စာပို့တောင်းဆိုထားသော်လည်း သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေး မှ ဇန်နဝါရီ (၁၀) ရက်နေ့က မြေပြင်သတင်းများအရ မြန်မာ့တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်ထားခြင်း မဟုတ် ကြောင်း၊ KIA မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းသာ ဖြစ်ကြောင်း ဖြေကြားချက်ကို မိမိတို့ အနေဖြင့် အံ့သြမိ ကြောင်း သိက္ခာတော်ရဆရာတော်.Dr.ခါလမ်ဆမ်ဆွန်မှ ပြောသည်။
သိက္ခာတော်ရ ဆရာတော်.Dr.ခါလမ်ဆမ်ဆွန်က “ဟုတ်တယ် ကျနော်တို့လည်း အဲဒါ အံ့သြနေတယ်။ ဖမ်းသွား တယ်ဆိုရင် စောစော စီးစီး ဖမ်းဆီးထားတယ်လို့ ပြောရင်တော့ ကျနော်တို့လည်း စိတ်သက်သာရာ ရတာပေါ့ နော။ အခုက တစ်လနီးပါး က ကြာပြီးမှ နိုင်ငံတကာရဲ့ ဖိအားများလာတဲ့အချိန်မှာ ရှိပါတယ်ဆိုတာ ဖမ်းဆီးထား ပါတယ်ဆိုတာ ပြောလိုက် တော့ နည်းနည်းတော့ စိတ်ထဲမှာတော့ မကောင်းဘူးပေါ့ဗျာ။ ဒါပေမယ့် ဒီ ပုဂ္ဂိုလ်နှစ် ယောက် အသက်ရှင်လျက် ရှိတယ်ဆိုတာကိုတော့ ကြားရလို့ ဝမ်းသာပါတယ်။” ဟုပြောသည်။
အဆိုပါ ဘာသာရေးခေါင်းဆောင်နှစ်ဦးသည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း မုံးကိုးဒေသ၌ ဖြစ်ပွားခဲ့သည့် ဒေသတွင်း တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ သတင်းမီဒီယာများအား လိုက်လံ ပြသပို့ ဆောင်ပေးခဲ့သူများ ဖြစ်သည်။
မုံးကိုးမြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မအမှုတော်ဆောင် ဆရာနှစ်ဦးသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၄ ရက် နေ့တွင် စတင် ပျောက်ဆုံးခဲ့ပြီး ဒေသခံများမှ မုံးကိုးဗျူဟာကုန်းအား မေးမြန်းရာတွင် ဗျူဟာကုန်းမှ မိမိတို့ အနေဖြင့် မသိရှိကြောင်း၊ ရောက်ရှိလာခြင်းမရှိကြောင်းသာ ဖြေကြားခဲ့သည့်အတွက် အစအနရှာမရပဲ ပျောက် ဆုံးနေသည်မှာ တစ်လနီးပါးခန့်ရှိပြီ ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW)နှင့် Fortify Rights လူ့အ ခွင့်အရေးအဖွဲ့တို့လည်း ကချင် ဘာသာရေးခေါင်းဆောင် နှစ်ဦး ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ ၎င်းတို့ ကို မည့်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်းနှင့် ၎င်းတို့၏ ကျန်းမာရေးအခြေအနေများ မည်သို့ရှိနေကြောင်း မြန်မာအစိုးရ အာဏာပိုင်များ အနေဖြင့် သတင်းထုတ်ပြန်ရန် ဇန်နဝါရီလ (၁၇) ရက်နေ့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ကာ တောင်းဆိုထားပြီး ၂ ရက်အကြာ (ဇန်နဝါရီလ ၁၉ ရက်) နေ့တွင် တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်ရုံးမှ မိမိတို့ ဖမ်းဆီးစစ်ဆေးနေကြောင်း ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။