ကချင်အမျိုးသား ညီလာခံ ပိတ်ပင်ခံရ၊ ကချင်အမျိုးသား အကြိုတွေ့ဆုံပွဲ အဖြစ် ပြောင်းလဲကျင်းပ
ဖေဖော်ဝါရီလ ၁၅ ရက်၊ ၂၀၁၇ ခုနှစ်။
သတင်းနှင့်မီဒီယာ ကွန်ရက်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊တွင် ပြုလုပ်ကျင်းပရန် ပြင်ဆင်နေစဉ် အာဏာပိုင်များ၏ ပိတ်ပင်မှုခံရသည့် ကချင်အမျိုးသားညီလာခံအား ယနေ့ ညနေ ၃ နာရီတွင် ၂၁ ရာစု ပင်လုံအကြို ကချင် အမျိုးသားများတွေ့ဆုံပွဲအဖြစ် ပြန်လည်ကျင်းပခွင့်ရရှိပြီဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းအတွင်းမှ မဂျွယ်ခန်းမတွင် ကျင်းပရန် ပြင်ဆင်နေသော ကချင်အမျိုးသား အတိုင်ပင်ခံ အဖွဲ့မှ ဦးစီးကျင်းပသည့် အဆိုပါ ကချင်အမျိုးသား ညီလာခံအား အာဏာပိုင်များက ရဲတပ်ဖွဲ့ဝင်များဖြင့် လာရောက်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးအင်ခွမ်တန်ဂွန်း က အစိုးရဖက်က ခေါင်းစဉ်အပေါ် နားလည်မှု လွဲမှာ ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။
“သူတို့က ဒီ အစိုးရအနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံအကြို ကချင်အမျိုးသားများ တွေ့ဆုံပွဲဆိုပြီးမှ ခေါင်းစဉ်နဲ့ လုပ်သွားဖို့ လမ်းကြောင်းလာပါတယ်။ ကျနော်တို့ ပေးထားတဲ့ ခေါင်းစဉ်အပေါ် အစိုးရဘက်က နားလည်မှု လွှဲမှားလို့ပါ။ အခု အဲ့ဒီအကြံပြုချက်နဲ့ ဒီခေါင်းစဉ်အောက်မှာ ဆွေးနွေးပွဲကို ပြန်စတင်ဖို့ ကျနော်တို့ လုပ်နေပါတယ်။ အဲ့ဒီခေါင်းစဉ်အောက်မှာဆိုရင်တော့ ဆွေးနွေးလို့ရတဲ့ သဘောပေါ့လေ။”
လာရောက်ပိတ်ပင်ခဲ့သော ရဲများက အစိုးရက ညီလာခံကို ပိတ်ပင်ရန် စေခိုင်းခြင်း ဖြစ်သည်ဟု ပြောကြောင်း ဦးအင်ခွမ်တန်ဂွန်း က ပြောသည်။ “ပိတ်တာက တော့ အခုနက ကျနော်တို့ ရဲအရာရှိတွေနဲ့ တွေ့တဲ့အချိန်ပြောတာကတော့ အစိုးရကလို့ ပြောတာပဲ။ “
ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပပြုလုပ်မည့် အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် “၂၁ ပင်လုံအတွက် ကချင်အမျိုးသားတွေအနေနဲ့ ကြိုပြီးမှ ပြင်ဆင်ထားရမယ့် အချက်တွေကို ပြင်ဆင်နိုင်ဖို့အတွက် အဓိက ဦးတည်ပြီး ဆွေးနွေးပွဲလုပ်ဖို့ ဖြစ်ပါတယ်။ ဒီကနေရလာတဲ့ အချက်တွေကို ၂၁ ပင်လုံကို သယ်သွားနိုင်ဖို့အတွက် ပြင်ဆင်တာပေါ့လေ။ ကချင်အမျိုးသား တခုလုံးကို ကိုယ်စားပြုဖို့ စီစဉ်ရမှာ ပါ။ KIO/KIA ပါအောင်လည်း ဆက်ပြီး ဆွေးနွေးရမယ့် အပိုင်းပေါ့လေ။ ဒါကတော့ NCA ထိုး မထိုးနဲ့ ဆိုင်တာကိုး။ အဓိကတော့ ပြင်ဆင်စရာရှိတာကို ပြင်ဆင်ဖို့ လုပ်တာပါ။” ဟု ဦးအင်ခွမ်တန်ဂွန်း က ဆက်ပြောသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲအား ကချင်ပြည်နယ်အစိုးရမှ ပြုလုပ်ခွင့်ပိတ်ပင်ခဲ့ပြီး ကချင်ပြည်နယ်ရဲ့တပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များမှ ယနေ့ မနက်ပိုင်း ၈ နာရီ ခွဲခန့်မှ စတင်ပြီး မနောကွင်းအတွင်း ရောက်ရှိလာ ပြီး ပိတ်ပင်တားဆီးခဲ့ရာမှ နှစ်ဖက်ကြား ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ ပြန်လည်ကျင်းပခွင့် ရရှိ ခြင်းဖြစ်သည်ဟု သိရသည်။
ဆွေးနွေးပွဲအား ပိတ်ပင်ရခြင်းနှင့် ပတ်သက်၍ ရဲမှူးကြီး ထွန်းဦးက “ကချင်အမျိုးသားညီလာခံ ကျင်းပပါမယ့် ဆိုပြီးတော့ တင်ပြီးတော့ ကျနော်တို့ တင်တင် ချင်းမှာ ဒီဥစ္စာ ကြီးက ကျယ်ပြန့်တယ်လေ။ ဒါကတော့ ကျနော်တို့ နိုင်ငံတော်အဆင့်နဲ့ ဆိုင်တဲ့ ခေါင်းစဉ်ဖြစ် တဲ့အတွက် ချက်ချင်းတင်ပြတဲ့ အခါမှာ ဒီကချင်ပြည်နယ် အစိုးရကနေပြီးတော့မှ ဒီကွင်းထဲမှာလုပ်ခွင့် မပေးပါဘူး။ မပေးရတဲ့ အကြောင်းအရင်း ခိုင်ခိုင်မာမာကိုတော့ ဒါအစိုးရက ကျနော်ထက် ပိုပြည့်ပြည့်စုံစုံသိမှာပါ။” က သတင်းထောက် များအား ပြောကြားခဲ့သည်။
ကချင်ပြည်နယ် အစိုးရအနေဖြင့် ယခုကဲ့သို့ ပိတ်ပင်ရခြင်းမှာ ကချင်ပြည်နယ်နေ့ ကျင်းပစဉ်တုန်းက ပွဲကျင်းပ ရေး ဦးဆောင်သူတွေ အနေဖြင့် တရားဝင် ပွဲကျင်းပခွင့် တောင်းဆိုခဲ့ခြင်း မရှိခဲ့ကြောင်း၊ ပွဲကျင်းပစဉ် နိုငံတော် ကို ဆန့်ကျင်သည့် စကားလုံး အသုံးအနှုန်းများ အသုံးပြုခဲ့ကြောင်း ၎င်းအကြောင်းအရာများကြောင့် ကချင်ပြည် နယ် အစိုးရအဖွဲ့အနေဖြင့် ပိတ်ပင်ရခြင်း ဖြစ်နိုင်သည်ဟု ရဲမှူးကြီးထွန်းဦးက ယခုလို ဆက်ရှင်းပြသည်။
“ကချင်ပြည်နယ်နေ့ အခမ်းအနား ဆိုပြီးတော့ ကျင်းပခဲ့ပါတယ်။ အဲဒီကျင်းပတဲ့ အချိန်တုန်းက ၎င်းတို့အနေနဲ့ ဒီမှာ သက်ဆိုင်ရာ တာဝန်ရှိတဲ့အနေ နဲ့ သူတွေကခွင့်တောင်းခံခြင်းမရှိဘူး။ ကျင်းပတဲ့ အချိန်တုန်းကလည်းပဲ နိုင်ငံ တော်ကို ဆန့်ကျင်တဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ သုံးနှုန်းတာလေးတွေလည်း ရှိခဲ့တယ်။ ဥပမာ အားဖြင့် ကချင် နိုင်ငံ ဆိုပြီးတော့ သုံးတယ်။ ကချင်ပြည် ဆိုပြီး သုံးတာပေါ့နော။ ကချင်ပြည်နယ်ဆိုပြီး မသုံးဘူး။ နောက်တစ်ခါ ကျနော်တို့ နိုင်ငံတော်အလံတွေ ဘာတွေ မလွှင့်ထူဘူး။ အခမ်းအနားမှာ ဒီကချင်ပြည်နယ်နဲ့ ပတ်သက်တဲ့ အလံ တွေပဲလွှင့်ထူတယ်။ ကျနော် တပ်ဖွဲ့ဝင်တွေနဲ့ ဒီမှာ ဒီအခမ်းအနားကို မကျင်းပပါနဲ့လို့ တားမြစ်ရခြင်း အကြောင်း အရင်းကတော့ ခုနဖော်ပြခဲ့တဲ့ နောက်ခံသမိုင်းရယ် ဒီရက်အနည်းငယ်အတွင်းမှာ အစိုးရ အဖွဲ့ရုံးမှာခေါ်ယူ ပြီး တော့မှ တားမြစ်ထားတဲ့ အကြောင်းအရာရယ် ဒီ ၂ ကြောင်းကြောင့်ပဲ ဖြစ်ပါတယ်။” ဟု ရဲမှူးကြီးထွန်းဦးက ပြောသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာတစ်နိုင်လုံးမှ ကချင်တိုင်းရင်းသားများအား ဖိတ်ကြားထားပြီး လူဦးရေ အယောက် (၆၀၀) ကျော် တက်ရောက်ဆွေးနွေးမည် ဖြစ်သည်ဟု သိရသည်။
ကချင် နိုင်ငံရေးပါတီများ၊ ကချင် လူမှုအဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေးအဖွဲ့များ၊ ကချင်ဘာသာရေးအဖွဲ့ အစည်း များ၊ ကချင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ အမျိုးသမီးအဖွဲ့များနှင့် လူငယ်များ တက်ရောက်လာသည်ဟု သိရသည်။