တိုက်ပွဲများကို ငြိမ်းချမ်းစွာ အဖြေရှာရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်သင့်သူများအားလုံး ပါဝင်နိုင်ရန်
ပူးပေါင်း ကြိုးပမ်းသွားကြရန် KNU နှင့် KIO ပူးတွဲ ကြေညာချက် ထုတ်ပြန်

ဖေဖော်ဝါရီလ ၁၆ ရက်၊
သတင်းနှင့် မီဒီယာကွန်ရက်။

ကရင် အမျိုးသား အစည်းအရုံး (KNU) မှ ခေါင်းဆောင်များနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ခေါင်းဆောင်များ ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ကြေညာချက်တရပ်ကို ထုတ်ပြန်ခဲ့ကြသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်သော ပူးတွဲ ကြေညာချက်တွင် လက်နက်ကိုင် တိုက်ခိုက်မှုများအား ရပ်စဲပြီး ကတိကဝက်များနှင့်အညီ ငြိမ်းချမ်း စွာ အဖြေရှာရန်၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများတွင် ပါဝင်သင့် ပါဝင်ထိုက်သူများ အားလုံးပါဝင်လာနိုင်ရန် နည်းလမ်းရှာပြီး ကြိုးပမ်းသွားကြဖို့ကိုလည်း တိုက်တွန်းထားသည်။

KNU ခေါင်းဆောင်များသည် အိမ်ရှင် ကချင်လွတ်လပ်ရေး အဖွဲ့၏ ဖိတ်ကြားချက်အရ ဖေဖော်ဝါရီလ ၁၄ ရက်က လိုင်ဇာသို့ ရောက်ရှိခဲ့ကြကြောင်း ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် KIO မှ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်ပြီး KNU ဥက္ကဌ စောမူတူးစေးဖိုး၊ နှင့် RCSS မှ ခေါင်းဆောင်တချို့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။

ကရင် အမျိုးသား အစည်းအရုံး KNU မှ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်သည့်  အတွေ့အကြုံများအား ရှင်းပြောဆိုခဲ့သည် ဟု KNU ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ပဒို စောတာဒိုမူးက ပြောသည်။

“ကျနော်တို့ဖက်ကတော့ ကျနော်တို့ ဒီလိုလုပ်ငန်း စဉ်မှာ JMC ထိုးလိုက်ခြင်းအားဖြင့် JMC လုပ်ငန်းစဉ်ထဲကနေပြီး ကျနော်တို့ အပစ်ခတ်လျှော့ချရေးတဲ့ ဟာတွေကို ကျနော်တို့ တွဲဖက် ထိန်းထိန်းသိမ်းသိမ်း လုပ်သွားနိုင်တဲ့အကြောင်းတွေ အားနည်းချက် အားသာချက်စသည့်ဖြင့်ပေါ့နော။ အဲဒါမျိုးတွေ ရှင်းပြတာပေါ့။ ဆိုတော့ သူတို့ကို ထိုးတယ် မထိုးဘူးဆိုတာကို ကျနော်တို့ မပြောပါဘူး။ အဓိက တော့ ကျနော်တို့မှာ ထိုးခြင်းအားဖြင့် အားသာချက်က ဘယ်လိုရှိလဲ။ အဲအချက်ကိုတော့ ကျနော်တို့ ရှင်းပြခဲ့တာ ပေါ့။ အဓိကကတော့ ဒါပါပဲ သူတို့လည်း သူတို့ သိချင်တဲ့ မေးခွန်းတွေ မေးတယ်ပေါ့လေ။ “

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့သည် ငြိမ်းချမ်းရေးအတွက် အဖြေရရှိရန် လိုအပ်သည့် နည်းလမ်းများ ရှာဖွေပြီး အတူတကွ အကောင်းဆုံး လုပ်ဆောင်ကြိုးပမ်းသွားမည်ဟု KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် တွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ယခုခရီးစဉ်မှာ KIO မှ ဖိတ်ကြားခဲ့မှုကြောင့် လာရောက်ခဲ့ခြင်းဖြစ်သည်ဟု ကရင် ခေါင်းဆောင်များက ပြောသည်။

“ဒီလိုပါ ကျနော်တို့ ခုနကပြောသလိုပဲ လေ လမ်းရှာတာပေါ့။ လမ်းရှာတော့ ကျနော်တို့ ဒီ ဒုတိယ ဥက္ကဌပေါ့နော။ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ကျနော်တို့ ဥက္ကဌကြီးတို့ ပြီးခဲ့တဲ့လ က ပေါ့နော၊ သူတို့ ချင်းမိုင်မှာ ဆုံကြတယ်။ ချင်းမိုင်မှာ တွေ့ရင်းနဲ့ပေါ့နော၊ အခြေအနေ တွေ ပြောပြတော့ ဥက္ကဌကြီး အင်ဘန်လ ကလည်း ကျနော်တို့ကို ဖိတ်ခေါ်တာပေါ့နော။ ကျနော်တို့ဖက်က အခြေ အနေတွေကိုလည်း ဒီမှာလာပြီး ရှင်းပြနိုင်ရင် ကောင်းပါတယ် ဆိုတဲ့ဟာကို ကျနော်တို့ကလည်း လက်ခံပြီးတော့ လာပြီးတော့ ရှင်းပြတာပဲ ဖြစ်ပါတယ်။” ဟု ပဒိုစောတာဒိုမူး က ပြောသည်။

ယနေ့ တွေ့ဆုံမှုတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) မှ ဒု-ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၊ ဗိုလ်ချုပ်ဂွမ်မော်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ဗိုလ်မှူးကြီး စောထူးထူးလေး၊ ပဒိုစောတာမူလာ၊ ပဒိုစောတာဒိုမူး၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) မှ ဦးခွန်ဆိုင်း နှင့် Euro Burma office မှ ဦးဟန်ညောင်ဝေတို့ ပါဝင်ခဲ့သည်။