တနိုင်းဒေသတွင် မှော်လုပ်သားများနှင့် စစ်ဘေးရှောင်ရွာသားများ ပိတ်မိနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇွန်လ ၇ ရက်၊ ၂၀၁၇ ခုနှစ်။
မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အေ) တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် တနိုင်းဒေသ စစ်ဘေးရှောင် အချို့ကို ဘာသာရေးအဖွဲ့အစည်းများက ခေါ်ယူနိုင်ခဲ့သော်လည်း လမ်းများပိတ်နေသောကြောင့် ကျန်ရှိသော ရွာသားများနှင့် မှော်လုပ်သားများကို ဘေးလွတ်ရာသို့ ခေါ်ဆောင် နိုင်ခြင်း မရှိသေးကြောင်း ထိုဒေသတွင် ရောက်ရှိနေသော ကိုနော်နော်က ပြောသည်။
“ကုန်းလမ်းကမရဘူး ကုန်းလမ်းကအခု စစ်မျက်နှာပြင်ဖြစ်နေပြီလေ။ အခုနည်းနည်းလွတ်တာဆိုလို့ ဒီရေ လမ်းပဲရှိတာ ရေလမ်းမှာက စစ်တပ်ကထိုင်ပြီးတော့ စစ်တပ်က ပိတ်နေတယ်ဆိုတော့ ကျနော်တို့က သွားဖို့က သွားလို့မရဘူး။”
ထပ်မံထွက်ပြေးလာသော စစ်ဘေးရှောင်များကို ယနေ့မနက် (ဇွန် ၇ ရက်) တွင် သွားရောက် ခေါ်ယူနိုင်ရန်အတွက် ဘာသာရေး ခေါင်းဆောင်များနှင့် တနိုင်းဒေသကွပ်ကဲမှု စစ်ဌာချုပ် (ဒစက) တာဝန်ရှိသူများမှာ အစည်းအဝေး လုပ်ဆောင်ကာ ညှိနှိုင်းနေဆဲဖြစ်သည်ဟု ကိုနော်နော် ကပြောသည်။
“မနေ့က သူတို့ သွားခိုင်းတာကိုး။ မနေ့က သွားကြိုတဲ့ အပေါက်ဝမှာ အခုက လူက လေးရာ ငါးရာ လောက်တော့ ပြန်စောင့်နေပြီလို့ ပြောတယ်။ မနေ့က ကျနော်တို့ အဲဒီ နန်းကွမ်းချောင်း အပေါက်ဝမှာ သွားကြို တာလေ။ အခု ဟိုကလူတွေကတော့ စောင့်နေတာ အဲဒီမှာ ကျနော်တို့ လာကြိုဖို့ကို စောင့်နေတာ။ ဒီက အခုကတော့ ကျနော်တို့ကို လွှတ်ပေးမလား မလွှတ်ပေးမလား မသိသေးဘူး လမ်းကဖွင့်ပေးမလား မဖွင့်ပေးမလား မသိဘူး။”
နမ်ကွမ်းချောင်းဘေး၊ ပယင်းမှော်အပေါက်ဝတွင် စစ်ဘေးရှောင်ပြည်သူ တစ်ထောင်ကျော်ခန့် ရောက်ရှိနေပြီး လာကြိုမည့် စက်လှေများအား စောင့်နေကြသည်ဟု ဒေသခံများက ပြောသည်။
ယမန်နေ့ (ဇွန်လ ၆ရက်) နေ့ကတော့ တိုက်ပွဲဖြစ်ပွားရာ အနီးအနားရှိ ကျေးရွာများတွင် ပိတ်မိနေသူသည့် စစ်ဘေးရှောင် ၅၀၀ နီးပါးကို ဘာသာရေးအဖွဲ့များက ကူညီ ခေါ်ယူနိုင်ခဲ့သည်ဟု စစ်ဘေးရှောင်များအား သွားရောက်ခေါ် ယူရာတွင် ပါဝင်သူ တနိုင်းဒေသခံ ကိုမုန်ထောန် ကပြောသည်။
“ဒုက္ခသည်တွေတော့ မနေ့ကခေါ်လာပြီ မနေ့ည ၇ နာရီလောက်မှာ ကျနော်တို့ တနိုင်းချောင်းဂိတ်မှာ ထိုးပြီး တော့မှ အသင်းတော် အသီးသီးမှာပေါ့ အာလ်စီ နှင့် ကေဘီစီမှာ သူတို့ အဲမှာ စခန်းချတယ်။ လူဦးရေက လောလောဆယ်တော့ ဒီမှာ ၄၀၀ ကျော် ၅၀၀ နီးပါးခန့်ရှိမှာပါ”
တနိုင်းသို့ ရောက်ရှိလာသော စစ်ဘေးရှောင်များမှာ နန်ဗြူ(နန်ခမ်း)ရွာ၊ အင်ဂါးဂါးရွာနှင့် ရွှေမှော်၊ ပယင်းမှော် များမှ စစ်ဘေးရှောင်များဖြစ်သည်။
၎င်းစစ်ဘေးရှောင်များအား ကက်သလစ်ဘုရားကျောင်း၊ အေဂျီနှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း၊ ကချင်နှစ်ချင်း ခရစ်ယာန်ဘုရားကျောင်း၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများတွင် နေထိုင်စေပြီး စားသောက်ရေးအတွက် စစ်ဘေးရှောင်များ နေထိုင်လျက်ရှိသည့် ဘာသာရေးကျောင်းများမှ တာဝန်ယူထားသည်။
ရွာအနီးအနားဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထွက်ပြေးလာခြင်းဖြစ်ကြောင်း တနိုင်းသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များက ပြောသည်။
“ကျမတို့ စစ်ရှောင်လာရတဲ့ အကြောင်းကတော့ ကျမတို့ သေနတ်သံတွေ တအားကြားလို့ ကျမတို့မှာ ဘာမှမ သိဘဲ ပြေးခဲ့ရတာ။ ရွာနဘေးနားမှာ ဖြစ်တာတော့ ဟုတ်တယ် ဒါပေမဲ့ ကျမတို့မှာ သေနတ်သံကြားတာနဲ့ က လေးနဲ့ ဘာနဲ့ဆိုတော့ ဘာမှမသိဘူး ကျမတို့မှာ ဒီတိုင်း အပြေးအလွှားနဲ့ ဟိုဟာမေ့ဒီဟာမေ့ ပြေးလာရတာဆို တော့ ကျမတို့လည်း ဘယ်လိုပြောမလဲ ကလေးနဲ့ ကလောင်နဲ့ ဆိုတော့ ဘယ်နားကပစ်တယ်ဆိုတာတောင် မသိဘူး အသံကြားတာနဲ့ ပဲ ပြေးခဲ့ရတာ။” ဟု နန်ဗြူ(နန်ခမ်း) ကျေးရွာမှ စစ်ဘေးရှောင် ပြည်သူတစ်ဦး က ပြောသည်။
ယမန်နေ့က နန်ဗြူလမ်းမတွင် တစ်နေ့လုံးနီးပါး သေနတ်သံများ လက်နက်ကြီး သံများကြား နေရသည်ဟု ဒေသခံများက ပြောသည်။
တနိုင်းဒေသတွင် မြန်မာ့ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်( ကေအိုင်အို/ကေအိုင်အေ)တို့ကြား ဇွန်လ ၃ ရက်နေ့မှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားလာခဲ့ခြင်း ဖြစ်ပြီး ရွှေမှော်နှင့် ပယင်းမှော်တွင် နေထိုင်သူများ အား ထွက်ခွာကြရန် မြန်မာ့တပ်မတော်က သတိပေး ဖြန့်ဝေသည်ဆိုသော စာများလည်း ရွာသားများ အကြား ပြန့်နှံ့နေသည်။