ကေအင်န်ယူ ခေါင်းဆောင်ဟောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် စိုးရိမ်ကြောင်းပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇွန်လ ၁၁ ရက်၊ ၂၀၁၇ ခုနှစ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံညီလာခံ အပေါ် KNU Concerned Group အနေဖြင့်  စိုးရိမ်ကြောင်း ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်ထဲတွင် မေလ ၂၄ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံကနေ ရလာ တဲ့ ရလာဒ်တွေကို  ပြည်ထောင်စု သဘောတူစာချုပ်အဖြစ် လက်မှတ်ရေးထိုးခဲ့ရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံး ပါဝင်ခွင့်မရှိခြင်း၊ နိုင်ငံရေးပါတီများ၏ သဘောတူညီချက်ကို သေချာစွာ ရယူနိုင်ခွင့်မရှိခြင်း၊ ညီလာခံအတွင်း အပြန်အလှန် ညှိနှိုင်းဆွေးနွေးပြီးမှ သဘောတူညီချက် ရယူထားခြင်းမဟုတ်ပဲ အပေါ်စီးဖိအားပေးပြီး ဆုံးဖြတ်ချက်များ ပြုလုပ်သည်ကို တွေ့ရသည်ဟု ဖော်ပြထားသည်။

ထို့အပြင် လက်မှတ်ရေးထိုးခဲ့တဲ့ ပြည်ထောင်စု သဘောတူစာချုပ် အချို့ အချက်များဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဘောင်အတွင်းသာ ဖြစ်နေသည်ကို တွေ့ရပြီး ကျန်အချက်များမှာလည်း သဘောတရားဆန်သည့် ယေဘုယျ အချက်များသာဖြစ်နေသည့်အတွက် ရှေ့ဆက်နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်ရန် လွန်စွာအခက်အခဲရှိနေသည်ဟု ထောက်ပြထားသည်။

ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်နိုင်သည့် လမ်းအား ဖွင့်ပေးစေပြီး နိုင်ငံရေး ဆွေးနွေးမှု မူဘောင်လုပ်ငန်း ကော်မတီအပါအဝင် UPDJC တို့၏ လုပ်ငန်းလမ်းညွှန်ချက်များနှင့်အတူ ငြိမ်းချမ်းရေး ဖြစ်စဉ် တစ်ခုလုံးအား ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးအား တိုက်တွန်းထားသည်။

၎င်းတို့အနေဖြင့် မည်သည့်အကြောင်းကြောင့် သဘောထား ထုတ်ပြန်ရသည်ကို KNU Concerned Group မှ ပဒိုနော်စီဖိုးရာစိန်ကို သတင်းနှင့် မီဒီယာ ကွန်ရက်မှ အားမီက ဆက်သွယ်မေးမြန်းထားပါသည်။

ပထမဆုံးအနေဖြင့် နော်စီဖိုးရာစိန်က ငြိမ်းချမ်းရေး ညီလာခံတွင် တရားဝင် တက်ရောက်နေသည်မှာ လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့သာ ဖြစ်ပြီး အများစု ပါဝင်နိုင်ခြင်းမရှိသေးသည့် အနေအထားတွင် ပြည်ထောင်စု သဘောတူစာချုပ်အဖြစ်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်၍ ကိုယ်စားပြုမှုအပေါ် စိုးရိမ်ဖွယ်ရှိကြောင်း စတင်ပြောပြသည်။

ပဒိုနော်စီဖိုးရာစိန် – ကျမတို့ ကျတော့ ဒီလိုသုံးသပ်တာရှိတယ်။ အခုလုပ်နေတဲ့ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံက ထွက်လာတဲ့ သဘောတူညီချက်ပေါ့လေ။ ၃၇ ချက်ပါတာရှိတယ်။ အဲဒီအပေါ်မှာ ၃၇ ချက်ကတော့ ကျမ တို့ ကြည့်မယ်ဆိုရင် ဒါကတော့ မူ အခြေခံမူ သိပ်မပါသလောက်ဖြစ်တယ်။ အခြေခံမူ သိပ်မပါသလောက်တဲ့ အပေါ်မှာ ဒါကတော့ General ပဲ ဖြစ်တယ်။ ပြီးတော့ တစ်ချို့တွေကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ထဲမှာ ပါတာလည်းရှိတယ်။ အဲဒီအပေါ်မှာကတော့ ကျမတို့ စိုးရိမ်တာကတော့ ဒါကို အတည်ပြုပြီးတော့ ဒါကို ဆက် ဆွေးနွေးလို့ မရဘူး ဆိုရင် ဒီလောက်ပဲဆိုရင်တော့ ဒါကတော့ စိုးရိမ်မှုရှိတယ် ပြီးတော့ ဒါကတော့ လက်မှတ် ထိုး ထားတာကတော့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း အစုအဖွဲ့တွေ ကိုယ်စားပြု သဘောရှိ တာပေါ့လေ။ ဒါပေမဲ့ အခု ဒီညီလာခံ တက်ရောက်လာကြတဲ့ တရားဝင် တက်ရောက်တဲ့ ညီလာခံ ဆုံးဖြတ်ပိုင်ခွင့် နဲ့ ဆွေးနွေးပိုင်ခွင့် ရှိတာကတော့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ပြီးထားတဲ့ အဖွဲ့ ၈ ဖွဲ့ပဲရှိတာပေါ့ လေ။ တစ်ခြားအဖွဲ့ကလည်း မပါသေးဘူးပေါ့လေ။ အဲဒါကြောင့် ဒီ အားလုံးကိုယ်စား မဟုတ်သေး ဘူးလို့ ဒီလိုပဲ သုံးသပ်မိတယ်ပေါ့လေ။

မေး – Peace Process တစ်ခုလုံးကို ပြန်လည် သုံးသပ်ဖို့ လိုအပ်တယ်ဆိုပြီးတော့ ဘာဖြစ်လို့ တိုက်တွန်းထားတာလဲရှင့်။

ပဒိုနော်စီဖိုးရာစိန် – အခုဒီလိုဖြစ်တာကတော့ တကယ်ကြည့်မယ်ဆိုရင် တစ်ခုလုံးအတိုင်းအတာ လုပ်မယ်ဆိုရင် ကတော့ တကယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး accord ပြည်ထောင်စု accord သွားမယ်ဆိုရင်ကတော့ တိုင်းရင်းသားတွေ အားလုံး ပါဝင်ရမယ် ပြီးရင် တိုင်းရင်းသား အစုအဖွဲ့တွေ အားလုံးကလည်း အသံရှိရမယ်။ အဲဒီ အပေါ်မှာကလည်း ဒါကိုလည်း ဘယ်လိုနည်း ဘယ်လိုဟန်နဲ့ ဆက်လက်ပြီးတော့ တိုင်းရင်းသားတွေ အသံကို အကောင်းဆုံး လမ်းကြာင်းတွေ ပါဝင်နိုင်ဖို့အတွက် အဲဒါက အရေးကြီးတဲ့ အချက်တစ်ချက်လည်း ဖြစ်တယ်။

ပြီး တော့ အခုကြည့်မယ်ဆိုရင်ကတော့ NCA ထဲမှာ ရေးထားတဲ့ accord ပေါ့လေ NCA ထဲမှာချထားတဲ့ ဒီနိုင်ငံရေး ဆွေးနွေးပွဲ လမ်းပြမြေပုံကို ကြည့်မယ်ဆိုရင် ဒါကတော့ အားလုံးက လိုက်နာတာ မရှိသေးဘူး။ မရှိဘူးလို့ အဲဒါ ပြော လို့ရတာက ပြီးတဲ့ဟာပေါ်မှာလည်း အချက်အလက် တချို့တဝက်နဲ့ပဲ ပြီးတာနဲ့ အဲဒါ ဆက်လုပ် ဆောင်တာ ဖြစ်တယ်။ ဥပမာ ပြောမယ်ဆိုရင် NCA အတိုင်းသွားမယ်ဆိုရင် ဒါက လက်မှတ်ထိုးပြီးလို့ရှိရင် ဒါက မူဘောင်ကို နိုင်ငံရေးဆိုင်ရာ မူဘောင်ကို ရေးဆွဲထားရမယ်။ အတည်ပြုရမယ် ပြီးတော့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေး ပွဲ လုပ်ရမယ်။ ပြီးမှပဲ ၂၁ ရာစုပင်လုံကို အဲဒါလုပ်ဆောင်ရမယ်။ ကျင်းပရမယ်။ ဒါပေမယ့် အခုကျတော့ လက်မှတ် ထိုးထားတဲ့ အဖွဲ့တွေထဲမှာပဲ ရှစ်ဖွဲ့ထဲကလည်း တစ်ဖွဲ့မှ အခြေအနေ မပေးအပ်ဘူးပေါ့လေ။  နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဆောင်တဲ့ အခြေအနေ မပေးအပ်ပေမဲ့လည်း ၂၁ ရာစု ပင်လုံ သွားတဲ့အပေါ်မှာ ဒါကတော့ မကိုက်ညီဘူးလို့ပဲ ကျမတို့ မြင်တယ်ပေါ့လေ။

ထိုးထားတဲ့ အဖွဲ့တွေကတောင်မှလည်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ မလုပ် ပဲနဲ့ ၂၁ ရာစုပင်လုံ သွားတဲ့အခါမှာ သူတို့ရဲ့ အသံ သူတို့ရဲ့ ပါဝင်မှုပေါ့ မပါပဲ ဒီလို သွားတာမျိုး ဖြစ်တဲ့အတွက် ကြောင့် ဒါကိုလည်း သုံးသပ်ဖို့လိုတယ်။ ဒီလိုပုံစံနဲ့ သွားနိုင်လို့ရှိရင် အဲဒါ ဘယ်လိုပုံစံ ကို သွားမလဲဆိုတာ အဲဒါ တစ်ချက် ပေါ့လေ။

မေး – ဆိုတော့ ၂၁ ရာစုပင်လုံ ညီလာခံကိုရော ဘယ်လိုသုံးသပ်လို့ရနိုင်လဲရှင့်။

ပဒိုနော်စီဖိုးရာစိန် – ဒီ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ conference ကျမတို့ နားလည်တာက conference ကြီးကြီးတစ်ခု ဖြစ်တယ်။ အခု ပြန်လုပ်တဲ့အခါမှာကလည်း workshop သဘောလိုမျိုး အစုအဖွဲ့နဲ့ ပြန်ခွဲတာလည်း အဲဒါရှိတယ်။ အဲဒါကြောင့် အဲဒါ ကျမအနေနဲ့က သုံးသပ်တာကတော့ ဒီနိုင်ငံရေး ဆွေးနွေးမှု မူဘောင်ကလည်း ချထားတဲ့ လမ်းညွှန်မူကလည်း မရှင်းမလင်းဘူး။ မရှင်းမလင်းဘူး လုပ်တဲ့အခါမှာ ဆုံးဖြတ်ချက်ချတဲ့အခါမှာ ဘယ်လိုဆုံး ဖြတ်ချက်ချမယ် ဆိုတာကိုလည်း ပေါ်ပေါ်လွင်လွင် မရှိဘူး။ ရေးထားတဲ့ အရင်ကတည်းကတော့ ၇၅ ရာခိုင်နှုန်း မဟုတ်လို့ရှိရင် အစုအဖွဲ့ ထဲမှာ ၇၅ ရာခိုင်နှုန်း ဆုံးဖြတ်ချက်ချမှပဲ အဲလိုမျိုးရှိတယ်။ ပြီးတော့ တချို့တွေက ၅၀ ရာခိုင်နှုန်းမျိုး ရေးထားတာရှိတယ်။ ဒါပေမဲ့ အခု ပြန်ကြည့်လိုက်တဲ့အခါမှာ ကျမအမြင်ကတော့ ဒီဆုံးဖြတ်ချက်ချတဲ့ ပုံစံကတော့ ဘယ်လိုချ မလဲဆိုတာကတော့ မရှင်းလင်းဘူးလို့ အဲဒါ ကျမတို့က မြင်တယ်။ အစည်းအဝေးကို ညီလာခံကြီးကို တက်ရောက် ကြတဲ့ တချို့တွေလည်း မေးကြည့်တဲ့ အခါမှာလည်း သူတို့လည်း ဘာမှ မသိပဲနဲ့ ဘယ်လို ပုံစံတွေလည်း သူတို့ မသိဘူးလို့ပဲ အဲဒါ ကိုယ်စားလှယ်အဖွဲ့တွေလည်း တချို့တွေကတော့ သူတို့ ဒီလိုပဲ ပြောတာရှိတယ်။ အဲဒါကြောင့် ကျမပြန်ကြည့်မယ်ဆိုရင် ဆုံးဖြတ်ချက် ဘယ်သူက တိုင်းရင်းသားရဲ့ အခွင့်အရေးပဲဖြစ်ဖြစ် တစ်ခုလုံးနိုင်ငံရေး အရပဲဖြစ်ဖြစ် အဲဒါက ပြုပြင် ပြောင်းလဲမှု တစ်ခုလုံးက ပြောင်းလဲဖို့ အတွက်က ဘယ်သူက ဆုံးဖြတ်ချက်ချတာလဲ အဲဒါလည်း မရှင်းလင်းဘူး။ အဲဒါကြာင့် ဒါတွေကိုတော့ ပြန်ပြီးတော့ review ဖို့ လိုတယ် ဘယ်လို ဆက်လက်ပြီး တော့ လုပ်မယ်ဆိုရင် ဘယ်လို ပုံစံနဲ့ သွားပြီးတော့ ဆုံးဖြတ် ချက်ချမယ် ပုံစံက ရှင်းရှင်းလင်းလင်း လုပ်ဖို့လိုတယ်။

မေး – ဆရာမတို့ ထုတ်တဲ့ ထုတ်ပြန်ချက်ထဲမှာက ဒီ ဒုတိယအချက်မှာ ပြောထားတာက ဒီသဘောတူညီမှုတွေ ဆွေးနွေးချက်တွေ ရလာတဲ့ဟာတွေက သဘောတူညီမှုတွေကို ညှိလို့ ရယူလာတာ မဟုတ်ပဲနဲ့ အပေါ်စီးကနေ ဖိအားပေးပြီး ဆုံးဖြတ်ချက်တွေ ပြုလုပ်တယ် တွေ့လာတယ်ဆိုတဲ့ဟာမျိုးလဲ ထောက်ပြထားတယ်။ ဆိုတော့ ဘယ်လို အခြေအနေမျိုးဖြစ်လို့ အဲလို ထောက်ပြရတာလဲရှင့်။

ပဒိုနော်စီဖိုးရာစိန် – အဲဒါကတော့ ကျမတို့ တွေ့တာကတော့ပေါ့လေ။ ခုနကကျမပြောသလိုပဲ အစုအဖွဲ့ထဲမှာက ဒါကို ဆွေးနွေးတဲ့အပေါ်မှာ နိုင်ငံရေးပဲဖြစ်ဖြစ် အဲဒါကတော့ ဟိုဥစ္စာ တချို့တွေကတော့ ဒါကို ဆုံးဖြတ်ချက် ချလို့ မရသေးဘူးတဲ့ ဆက်လက်ဆွေးနွေးဖို့ လိုသေးတယ်လို့ ဒါက အစုအဖွဲ့ခွဲပြီးတော့ ဆွေးနွေးတာမျိုး သဘောထား ချက်တွေလဲရှိတယ်။ ဒါပေမဲ့ တချို့တွေကတော့ ဟိုမှာရောက်တဲ့အခါမှာ UPDJC လား ကျင်းပရေး ကော်မတီလား မဟုတ်ဘူးဆိုရင် အတွင်းရေးမှူးတွေ အဖွဲ့လား ဆုံးဖြတ်ချက်ချတဲ့ အခါမှာကတော့ အစုအဖွဲ့ရဲ့ အသံကို အစုအဖွဲ့ ရဲ့ စဉ်းစားချက်တောင် မပါပဲနဲ့ ဟိုမှာ အပေါ်မှာပဲ ပြန်ပြီးတော့ချတဲ့ အခါကျတော့ အဲဒါ ဆုံးဖြတ်ချက်ချတာမျိုးဖြစ် တယ်။ ဆုံးဖြတ်ချက်ယူတာမျိုးဖြစ်တဲ့ အပေါ်မှာလည်း ဒါကို ကျမတို့ တွေ့ရပါတယ်လေနော။ ပြီးတော့ နောက်တစ်ချက်မှာလည်း ကျမတို့ ဟိုဟာပေါ့လေ အခုသွားနေတဲ့ ဆုံးဖြတ်ချက်ချတဲ့ နေရာမှာလည်း စစ်တပ်ကလည်း စစ်တပ်နေရာကလည်း ရှိတယ်။ အဲဒါကြောင့် ကျမတို့ မသိတာကလည်း မရှင်းတာကလည်း UPDJC မှာပဲဖြစ်ဖြစ် အစုအဖွဲ့တွေကလည်း ဘယ်လိုပုံစံနဲ့ ဆုံးဖြတ်ချက်ချသလဲဆိုတာ မရှင်းဘူး။ အဲဒါ စစ်တပ်ကပဲ သူကတော့ ဆုံးဖြတ်ပြီးတော့ အားလုံးက လိုက်ရမလား မသိဘူး အဲဒါကလည်း တစ်ခုမရှင်းဘူး။ ဒါပေမဲ့ ကြည့်မယ်ဆိုရင် ဆုံး ဖြတ်ချက်ချတဲ့ ပုံစံကတော့ အရင်ကတော့ အစုအဖွဲ့တွေကတော့ သဘောကတော့ ဆက်လက်ဆွေးနွေးဖို့ လို သေးတယ် ဒါပေမဲ့ ဒီမှာကျတော့ ဆုံးဖြတ်ချက်ချတာရှိတယ်။ ပြန်ကြည့်မယ်ဆိုရင်လည်း သူတို့ ဆုံးဖြတ်ချက်ချနေတဲ့ နေရာမှာ ဥပမာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ဖို့အတွက်ကတော့ အာလ်စီအက်စ်အက်စ်နဲ့ အေအယ်လ်ပီကတော့ သူတို့ လုပ်ရမဲ့ဟာကတော့ UPDJC မှာ ဆုံးဖြတ်ချက်ချတယ် ဒါပေမဲ့ UPDJC ဆုံးဖြတ်ချက်ချတဲ့အခါမှာ စစ်တပ်က အခွင့်မပေးဘူး စစ်တပ်ကတော့ မလုပ်သေးဘူးတဲ့ အားလုံးက ဒါကို ဆုံးဖြတ်ချက်ချတာဖြစ်တယ်။ အဲဒီအပေါ်မှာကတော့ ကျမတို့ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ဖိအားပေးပြီးတော့ ဆုံးဖြတ်ချက်ချတာနဲ့ ဒါပေးရုံပဲရှိတယ်။