ပြည်နယ် အစိုးရနှင့် ကုမ္ဗဏီများ လုပ်ဆောင်ချက်များအပေါ် ကရင် လူမှုအဖွဲ့အစည်းများ ဝေဖန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
အောက်တိုဘာလ ၂၇ ရက်၊ ၂၀၁၇ ခုနှစ်။

ကရင်ပြည်နယ် စွမ်းအင် စီမံကိန်းများတွင် ပြည်နယ် အစိုးရသည် အခြေခံ ဥပဒေဘောင်ကျော်ခြင်း၊ ကုမ္ဗဏီများ ပွင့်လင်း မြင်သာမှု မရှိခြင်းနှင့် ဒေသခံများ လိုအပ်သည့် အချက်အလက်များ ရရှိမှု မရှိခြင်းများ ဖြစ်ပေါ် နေကြောင်း “အစိမ်းရောင် အနာဂတ်မျာအား မီးလောင်တိုက်သွင်းခြင်း” ဟူသော အစီရင်ခံစာကို ကရင်လူမှု အဖွဲ့အစည်းများက ထုတ်ပြန်လိုက်သည်။

ကရင်ပြည်နယ်တွင် တည်ဆောက်မည့် ကျောက်မီးသွေး စက်ရုံစီမံကိန်းသည် ဒေသခံများ၏ စားဝတ်နေရေး အပြင် လူနေမှုဘဝများပါ ထိခိုက်ဆုံးရှုံးစေနိုင်သည့်အတွက် ပြည်နယ်အစိုးရအနေဖြင့် ဒေသခံများ၏ အခွင့်အရေးကို လေးစားလိုက်နာရန်နှင့် ဥပဒေများကို အသုံးပြုပြီး ဒေသခံများကို အနိုင်မကျင့်ရန် ကရင်လူမှုအဖွဲ့အ စည်းများနှင့် ဒေသခံများက တောင်းဆိုလိုက်သည်။

“အဓိက ကျနော်တို့ တောင်းဆိုတာက ဒီဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ကျနော်တို့ လေးစား လိုက်နာဖို့ ပြီးတော့မှ ဥပဒေကို အစိုးရအနေနဲ့ လိုက်နာဖို့ ပြီးတော့မှ ဥပဒေကို အသုံးပြုပြီးတော့ ဒေသခံတွေကို အနိုင်မကျင့်ဖို့ အဲကနေ တစ်ဖက်သတ် ဆုံးဖြတ်ချက်တွေ မလုပ်ဖို့ ပြီးတော့မှ ကျနော်တို့ ကျောက်မီးသွေး ဆိုတာ ရုပ်ကြွင်းလောင်စာဖြစ်တယ်။ အစိမ်းရောင် ကျနော်တို့ စွမ်းအင် ထုတ်လုပ်လို့ ရတယ်ပေါ့နော။ တကယ်တော့ ကျောက်မီးသွေးက ကာဗွန်ဒိုင်အာက်ဆိုဒ်က အများကြီးထွက်တယ်။ အဲဒီအစား အစိမ်းရောင် စွမ်းအင် အစိမ်း ရောင် ဖွံ့ဖြိုးရေး လုပ်စေချင်တယ်ခင်ဗျား။ အဲဒီဟာ တောင်းဆိုတာပါခင်ဗျာ” ဟု ကရင်မြစ်ချောင်း စောင့်ကြည့်ရေးအဖွဲ့မှ တာဝန်ခံ စောသာဘိုးက ပြောသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ ယနေ့တွင် ရန်ကုန်မြို့ Orchid Hotel ၌ ကရင်လူမှုအဖွဲ့အစည်းများနှင့် ဒေသခံ များ ပါဝင်သည့် အစိမ်းရောင် အနာဂတ်များအား မီးလောင်တိုက်သွင်းခြင်း ဆိုသည့် အစီရင်ခံစာမိတ်ဆက်ပွဲနှင့် သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

အစီရင်ခံစာထဲတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား (၁) အရ နှင့် ၂၀၁၄ ခုနှစ် လျှပ်စစ်ဥပဒေ ပုဒ်မ (၈) အရ  အကြီးစား လျှပ်စစ်ဓာတ်အား စီမံခန့်ခွဲခွင့်ကို  ပြည်ထောင်စုအစိုးရကသာ စီမံခန့်ခွဲခွင့်ရှိပြီး မီဂါဝပ် ၃၀ အထိသာ ပြည်နယ်အစိုးရမှ လုပ်ပိုင်ခွင့်ရှိသည်ဟု  ပြဌာန်းထားသော်လည်း ယခုအခါ ကရင်ပြည်နယ်တွင် ၁၂၈၀ မီဂါဝပ်ရှိသော  ကျောက်မီးသွေးစက်ရုံ စီမံကိန်းကြီးနှင့်ပတ်သက်၍  ပြည်နယ်အစိုးရမှ TTCL ကုမ္ပဏီ နှင့် နားလည်မှုစာချွန်လွှာ ရေးထိုးခြင်းသည် ပွင့်လင်းမြင်သာမှုမရှိဘဲ ဥပဒေနှင့်ဆန့်ကျင် လုပ်ဆောင်နေသည်ကို တွေ့ရသည်ဟု ပါရှိသည်။

ပြည်နယ်အစိုးရအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဘောင်ကျော်ပြီး လုပ်ဆောင်ခြင်းသည် မဖြစ်သင့် ကြောင်း၊ ဒီမိုကရေစီ ဆန်ဆန် ဒီမိုကရေစီ အစိုးရဖြစ်စေချင်ကြောင်း၊ ကုမ္မဏီများအနေုဖြင့်လည်း တာဝန်ယူမှု တာဝန်ခံမှု ရှိမည်ဆိုပါက ပွင့်လင်းမြင်သာစွာဖြင့် ပြည်သူများအား ချပြသင့်ကြောင်း ဒေသခံများနှင့် ကရင်လူမှုအဖွဲ့များက ပြောသည်။

ကရင်ပြည်နယ် ဝတ်ကြီးကျေးရွာအုပ်စု သုံးအိမ်ကျေးရွာတွင် တိုယိုထိုင်းကုမ္မဏီ (TTCL) နှင့် ကရင်ပြည်နယ် အစိုးရတို့အကြား ၂၀၁၇ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား တည်ဆောက်ရန် ဖြစ်နိုင်ခြေ ဆန်းစစ်မှု နားလည်မှု စာချွန်လွှာ (MOU) ကို ရေးထိုးထားပြီး ထို့သို့လက်မှတ် ရေးထိုးထားခြင်းကို ပြည်နယ်အစိုးရအနေဖြင့် ဒေသခံ ပြည်သူများအပေါ် သတင်းအချက်အလက် ဖြန့်ဝေခြင်းမရှိသကဲ့သို့ အသိပေးခြင်း အကြောင်းကြားခြင်းလည်းမရှိဟု သိရသည်။

အကျိုးခံစားခွင့် အနေဖြင့် ဒေသခံများအတွက် လျှပ်စစ်မီးရရှိမည်ဟု ဆိုထားသော်လည်း လျှပ်စစ်မီး ပမာဏ မည်မျှ ရရှိမည်ကို ဒေသခံများ မသိရှိရပေ။

“ဆိုးကျိုးကတော့ ကျနော်တို့ ဘန်းချောင်းထားဝယ်ကို သွာပြီးတော့ လေ့လာတဲ့အခါမှာ ဒေသခံတွေအများကြီးပဲ သူတို့ ခန္ဓာကိုယ်တွေ ယားယံနေတယ်။ အနာတွေပေါက်တာတွေ တွေ့ရတယ်။ ကျောက်မီးသွေးကြောင့် ပြီးတော့ အဲမှာရှိတဲ့ ဒေသခံတွေ သူတို့စမ်းချောင်းက အရင်က ငါးတွေအများကြီးရှိတယ် အခုမရှိတော့ဘူး။ ငါးတွေ ပျောက်ဆုံးသွားတာတို့ ပြီးတော့ ကျနော်တို့ အခုဆို သံလွင်မြစ်ဘေးမှာ လုပ်မှာကိုး သံလွင်မြစ်ဘေးမှာ လုပ်မှာဆို မြစ်ဝှမ်းတစ်လျှောက်မှာ ရှိတဲ့လူတွေရဲ့ စာဝတ်နေရေးတွေ အကုန်လုံးထိခိုက်မယ်။ ပြီးတော့ သူတို့သောက် သုံးရေတွေ မရတော့ဘူး။ အဲဒီပြဿနာတွေ ရှိတယ်ပေါ့။ သံလွင်မြစ်မှာရှိတဲ့ ငါးမျိုးစိတ်တွေ ပျက်ဆီးမယ်” ဟု စောသာဘိုးက ပြောသည်။

သံလွင်မြစ်ကြောင်းတလျှောက်ရှိ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ ဒေသခံများ  အနေဖြင့် ထိခိုက်မှု ဆုံးရှုံးမှုကို ပိုမိုခံစားရမည်ဖြစ်သည်“ပြီးတော့မှ မြစ်ဝှမ်းတစ်လျှောက် ကျနော်တို့က လူ ၂ သန်း လောက်နေတာကိုး မွန်ရော ကရင်ရော အဲဒီမှာ မြို့ကြီးတွေရှိတယ်။ မော်လမြိုင် ဖားအံ အဲဒီ မြို့တွေ အကုန်လုံးမှာရှိတဲ့ဟာတွေ အကုန်လုံးက ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျောက်မီးသွေးသုံးတဲ့ စက်ရုံတွေ ဆိုတာ ကမ္ဘာမှာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို အများဆုံးဖြစ်စေတာ” ဟု စောသာဘိုးက ဆက်ပြောသည်။

ထို့အပြင် လျှပ်စစ်ဓာတ်အား ၁၂၈၀ မီဂါဝပ် ထုတ်လုပ်နိုင်မည့် ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို ၂၀၁၇ ခုနှစ် နှစ်လည်ပိုင်းမှစ၍ လပေါင်း ၃၀ အတွင်း ဆန်းစစ်လေ့လာမှု ပြုလုပ်ရန်နှင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ အတွင်း စီမံကိန်း  အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။ ရှယ်ယာပိုင်ဆိုင်မှုများမှာ Italian-Thai Development မှ ၅၁ %, Japanese Company Toyo Engineering Corporation မှ ၄၉ % ရရှိမည်ဖြစ် သည်ဟု အစီရင်ခံစာထဲတွင် ထည်သွင်းပါရှိသည်။

Italian-Thai Development နှင့် ဂျပန်ကုမ္ဗဏီ ဖြစ်သော Toyo Engineering Corporation တို့ ပူးပေါင်းပြီး တိုယိုထိုင်းကုမ္မဏီအနေဖြင့် ၂၀၁၇ ခုနှစ် မှ ၂၀၂၀ ခုနှစ်အကြား မြန်မာနိုင်ငံရှိ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့တွင် စုစုပေါင်း ရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ပမာဏဖြင့် အကြီးစား ကျောက်မီးသွေးစက်ရုံ တည်ဆောက်မည်ဟု သိရသည်။