ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ဒေသခံများ ဆိုးကျိုးပိုဖြစ်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇူလိုင်လ ၁၁ ရက်၊ ၂၀၁၈ ခုနှစ်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း တိုင်းရင်းသား ဒေသများတွင် ဆောက်လုပ်မည့် ရေအားလျှပ်စစ်စီမံကိန်းများသည် ဆိုးကျိုးပိုများလိမ့်မည်ဟု ကရင်လူထုအခြေပြု အဖွဲ့များက ထုတ်ပြန်သည်။

ရေအားလျှပ်စစ်စီမံကိန်း ထပ်မံတည်ဆောက်မည့် အပေါ် စိုးရိမ်ကြောင်း အစီရင်ခံစာကို “ရေကာတာသည် ဖွံ့ဖြိုးရေးလော၊ ပျက်စီးခြင်းလော” အမည်ရှိ အဆိုပါအစီရင်ခံစာကို ဇူလိုင်လ ၁၀ ရက်နေ့က ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) နှင့် ကရင်မြစ်ချောင်းများစောင့်ကြည့် ရေးကွန်ယက် (KRW) တို့ ပူးတွဲထုတ်ပြန်လိုက်သည်။

စီမံကိန်းများ ကြောင့် ဒေသခံလူထုများ ပိုမို အခက်တွေ့နိုင်သည်ဟု ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးကွန်ရက်မှ စောသာဘိုးက ပြောသည်။

“ကျွန်တော်တို့ဒေသမှာဆို တည်ဆောက်ပြီးရေကာတာ ၃ ခုရှိပါတယ် အဲဒီရေကာတာတွေကြောင့် ဒေသခံတွေ အတင်းအဓမ္မပြောင်းရွှေ့ခံရတာ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်း ပျောက်ဆုံးတာ၊ လျော်ကြေးမရတာတွေ ကနေ့ထိ ဒုက္ခရောက်နေတာတွေအများကြီးရှိနေတယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရတယ်”

ယခင် တည်ဆောက်ပြီးခဲ့သည့် ပသိ၊ ကျောက်တံခါး(ရွှေကျင်) နှင့် သောက်ရေစပ် (၂) ရေအားလျှပ်စစ်စီမံကိန်းများကြောင့် ဒေသခံတိုင်းရင်းသားတို့၏ နေထိုင်ရေး၊ စီးပွားရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ပညာသင်ကြားမှုအတွက် ယနေ့ထိ ခက်ခဲစွာ ရင်ဆိုင်နေရဆဲဖြစ်သည်ဟု ကရင်လူ့အခွင့်အရေး အဖွဲ့က ပြောသည်။

ဇူလိုင်လ (၁၀) ရက်နေ့က ထုတ်ပြန်လိုက်သည့် စာမျက်နှာ ၂၈ မျက်နှာပါသည့် အဆိုပါအစီရင်ခံတွင် ရေကာတာကြောင့် လူမှုဘဝ ထိခိုက်နိုင်ခြင်းများ၊ မြေယာများ ဆုံးရှုံးခံရနိုင်ခြင်း၊ ရေလွှမ်းနိုင်ခြင်း၊ အသက်မွေးဝမ်းကြောင်းထိခိုက်နိုင်ခြင်း၊ လျော်ကြေးမရရှိခြင်း အဓမ္မ နေရာရွှေ့ပြောင်းခံရနိုင်ခြင်း၊ လက်နက်ကိုင်တိုက်ပွဲနှင့် မိုင်းအန္တရာယ်တို့ကို ဒေသခံတို့ ကြုံတွေ့ခံစားနိုင်သည့် အကြောင်းအရာများ တင်ပြထားသည်။

ရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ပြီးသွားသည့် ရွှေကျင်မြို့နယ်မှ ဒေသခံ ဒေါ်အေးအေးမြင့်က “ကျွန်မတို့ဒေသမှာ စီမံကိန်းလုပ်မယ်ဆိုပြီးတော့ ဥယာဉ်ခြံမြေတွေကို သိမ်းပါတယ်၊ လျော်ကြေးလဲမရ နစ်နာ ကြေးလည်မရ ကျမတို့အတွက် များစွာနစ်နာဆုံးရှုံးခဲ့ရပါတယ်” ဟု ပြောသည်။

ရေအားလျှပ်စစ်အရင်းအမြစ်များသည် တိုင်းရင်းသားဒေသများတွင် အများဆုံးတည်ရှိနေကာ အထူးသဖြင့် ကရင်၊ ကယား၊ ကချင်နှင့် ရှမ်းပြည်နယ်တို့ဖြစ်ပြီး ထိုနေရာများသည် မြန်မာတပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတင်းမာမှုဖြစ်ပွားသည့် နေရာများဖြစ်သည်ဟု အစီရင်ခံတွင် ဖော်ပြထားသည်။

လက်ရှိတည်ဆောက်ပြီးရေကာတာ ၂၆ ခုရှိသည့်အနက် ၁၂ ခုမှာ တိုက်ပွဲဖြစ်ပွားလျက်ရှိသော တိုင်းရင်းသားနယ်မြေများတွင် တည်ရှိနေသည့်အပြင် ရေကာတာပေါင်း ၅၀ အနက်မှ ၄၂ ခုသည် တိုက်ပွဲကြောင့် ထိခိုက်ခံစားနေရသော နယ်မြေများအတွင်း ဆောက်လုပ်ရန် ရည်ရွယ်ထားလျက်ရှိသည်ဟုလည်း အစီရင်ခံက ပြောထားသည်။

မငြိမ်းချမ်းသေးသည့် တိုင်းရင်းသားဒေသများတွင် ရေအားလျှပ်စစ်စီမံကိန်း ရင်ဆိုင်းထားရန် ဒေသခံများနှင့်အတူ တောင်းဆိုသည်ဟုလည်း စောသာဘိုးက ပြောသည်။