လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအားလုံး နိုဝင်ဘာ ဒုတိယပတ် တွေ့ဆုံမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်။

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွ့ဲအစည်းများအားလုံး ပါဝင်သည့် အစည်းအဝေးတစ်ရပ်ကို နိုဝင်ဘာလ ဒုတိယပတ်တွင် ကျင်းပပြုလုပ်သွားရန် ရှိသည်ဟု ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

“တွေ့ဖို့က စီစဉ်နေပါပြီ။ မတွေ့ပဲနဲ့ ပြည်ထောင်စု သဘောတူစာချုပ်ချုပ်ဖို့က ခက်တယ်လေ။ ပြည်ထောင်စု တစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ စာချုပ်ဖြစ်နေတော့ ဒီနိုင်ငံရေးစာချုပ်ချုပ်မယ်ဆိုရင် တတ်နိုင်သလောက် စုံစုံလင်လင် ပါဝင်တာ ကောင်းတာပေါ့။ ကျနော်တို့ နိုဝင်ဘာလ ဒုတိယအပတ်မှာပါ။”

တွေ့ဆုံဆွေးနွေးပွဲကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ သို့မဟုတ် “o” ဒေသ ပန်းဆန်း (ပန်ခမ်း)တွင် ပြုလုပ်ရန် ဖြစ်နိုင်ခြေရှိသည် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်ပြောသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲတွင် အပစ်မရပ်သေးသည့် အဖွဲ့များ မပါဝင်ပဲ ရှေ့ဆက်သွားမည် ဆိုပါက ပြဿနာ ပြေလည်လာမည် မဟုတ်သည့်အတွက် လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးပါဝင်သည့် ဆွေးနွေးပွဲကို ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာ က ပြောသည်။

“သူတို့သဘောထားမပါပဲနဲ့ ပြည်ထောင်စုစာချုပ်ချုပ်မယ်။ ကျနော်တို့ ပြည်ထောင်စု ရှေရေးကို ဆုံးဖြတ်မယ်ဆိုရင် နည်းနည်းလေးပြန်ပြီးတော့ နောက်မီးမငြိမ်းပဲနဲ့ နောက်နောင်မှာ အငြင်းပွားဖွယ်ရာ ထပ်ဖြစ်လာရင် ပဋိပက္ခရပ်ဆိုင်းနိုင်မှာ မဟုတ်ဘူးပေါ့။ သူတို့ရဲ့ သဘောထားတွေပါပြီးတော့မှ ကျနော်တို့ နိုင်ငံရေး သဘောတူချက် အဆုံးအဖြတ်ကို လုပ်ဖို့သင့်တယ်ဆိုပြီးတော့ အဲ့လိုတွေ့ဆုံဆွေးနွေးဖို့လိုတယ်ဆိုတာ အဲ့လိုဆုံးဖြတ်ကြတာ”

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲအစည်းများနဲ့ လက်မှတ်မရေးထိုးထားသည့် အဖွဲ့များ တွေ့ဆုံဆွေးနွေးသွား ကြမည်ဖြစ်ပြီး လက်ရှိ နိုင်ငံရေး ဆွေးနွေးပွဲများမှ တစ်ဆို့မှုများအပြင် နှစ်ဦးနှစ်ဖက် သဘောထားများကို တင်ပြဆွေးနွေးသွားမည်ဟု သိရသည်။

“လက်ရှိ သွားနေတဲ့ ငြိမ်းချမ်းရေးခရီးစဉ်လည်းပဲ အကောင်အထည်ဖော်နိုင်အောင် ဘယ်နည်းဘယ်ပုံ လုပ်မလဲ ပေါ့၊ NCA လမ်းကြောင်းလား၊ NCA လမ်းကြောင်းဆိုရင်လည်းပဲ ဘယ်လို ထပ်ဖြည့်စွက်ချက်တဲ့ ဘယ်လို နောက် ဆက်တွဲ စီစဉ်မှုလုပ်မလဲပေါ့။ ဒါလေးတွေလည်း သူတို့က တင်ပြချင်တာ ရှိပါတယ်။” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာ က ပြောသည်။ “ဒါကြောင့် နိုင်ငံရေး ဆုံးဖြတ်ချက်၊ အဆင့်မြှင့်ပေါ့လေ ပြည်ထောင်စုစာချုပ်လို အခြေအနေမျိုး ရောက်ရင်တော့ မြောက်ပိုင်းအဖွဲ့တွေရဲ့ သဘောထား ပါဝင်မှုလည်း အရေးကြီးပါတယ်။”

အပစ်ရပ်အဖွဲ့များက အပစ်မရပ်သေးသည့် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု ပြီးခဲ့သည့် အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် အပစ်ရပ်အဖွဲ့များ၏ သီးသန့် ထိပ်သီး အစည်းအဝေးတွင် ပြောဆိုထားပြီး လိုအပ်ပါက သွားရေးလာရေး၊ လုံခြုံရေးနဲ့ နယ်စပ်ဖြတ်ကျော်ရေးကအစ ကူညီပေးရန် အစိုးရအား အကူအညီတောင်းခံထားသည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

လက်ရှိ NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များတွင် ကရင်အမျိုးသား အစည်းအရုံး KNU၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုက ရက် တစ် တပ်ဦး ABSDF၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချူပ် PNLO၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP၊ ဒီမိုကရေစီ အကျိုးပြု တပ်မတော် DKBA၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ KNLA/PC ၊ မွန်ပြည်သစ်ပါတီ NMSP ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ပါဝင်သည်။

NCA စာချုပ် လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် အဖွဲ့များမှာ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဟု လူသိများသည့် “o” ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC အဖွဲ့ဖြစ်သည်။

FPNCC တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင် ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ မြန်မာအမျိုးသားများ ဒီမိုကရက် တစ် မဟာမိတ်တပ်မတော် (MNDAA- ကိုးကန့်အဖွဲ့)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA- မိုင်း လားအဖွဲ့)၊ တအာင်း/ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ ရက္ခိုင့် တပ်မတော် (AA) တို့ပါဝင်သည်။

ထိုအပြင် UNFC အဖွဲ့ဝင်များဖြစ်သည့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP နှင့်ရခိုင်အမျိုးသားကောင် စီ ANC၊ တို့မှာလည်း NCA စာချုပ် လက်မှတ်မရေး ထိုးရသေးသည့် အဖွဲ့များဖြစ်သည်။ NCA လက်မှတ်ရေး ထိုးခြင်းမရှိသော အခြားအဖွဲ့တဖွဲ့မှာ နာဂလဲန်း အမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN) ဖြစ်သည်။