ကရင်နီတပ်မတော်နှင့် အစိုးရ တပ်မတော် တိုက်ပွဲဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်။
ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP လက်အောက်ခံ ကရင်နီ တပ်မတော် (KA) နှင့် အစိုးရ တပ်မတော်တို့အကြား အောက်တိုဘာလ ၂၀ ရက် (ယနေ့) နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KNPP က ပြောသည်။
တိုက်ပွဲမှာ ကယားပြည်နယ်(ကရင်နီပြည်) ဖာဆောင်းမြို့နယ်အတွင်းရှိ KNPP တပ်ရင်း-၁ အုပ်ချုပ်ရေးခရိုင် အမှတ် ၂ နယ်မြေတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KNPP ဖာဆောင်း ဆက်ဆံရေးရုံး တာဝန်ခံ စောဦးကွယ် က ပြောသည်။
“ဖြစ်တာက နန်းကစ်နဲ့ တာဟန်းလော့ရွာကြားမှာ၊ ဖြစ်တာက ၇ နာရီ ၅၅ ကနေ နှစ်မိနစ် သုံးမိနစ် လောက်ပဲကြာမယ်။ ဒါက မတော်တစ်ဆ ထိတွေ့မှု ဖြစ်တာပေါ့။ မကြာဘူးပေါ့”
KA နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် အစိုးရတပ်မှာ မော်ချီးအခြေစိုက် နယ်မြေခံတပ်ဖြစ်သည့် ခမရ ၄၂၈ ဟု KNPP ကပြောသည်။ တိုက်ပွဲကြောင့် ထိခိုက်ကျဆုံးသည့် အခြေအနေကို အသေးစိတ် မသိရှိရသေးဟု ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အစိုးရ တပ်မတော်ဖက်မှ ၎င်းတို့ ထိန်းချုပ်ရာ ဒေသအတွင်းသို့ စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာပြီး အကြောင်း မကြားပဲ ဝင်ရောက်လာသည့်အတွက် ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားလာရခြင်း ဖြစ်သည်ဟု တိုက်ပွဲဖြစ်ပွားရာ ဒေသတွင် တာဝန်ကျနေသည့် KNPP ၏ အမှတ် ၂ ခရိုင် တာဝန်ခံတစ်ဦးက ပြောသည်။
“ကျနော်တို့က ကန့်သတ်နယ်မြေဆိုတာ ရှိတယ်လေ ဒီဖက်စည်းမကျော်ရ ကျော်ရင်လည်း သွားလာရင်လည်း အကြောင်းကြားပါ။ အသိပေးပါ။ ပြောထားတာပဲလေ အကြိမ်ကြိမ်ပြောထားတာပဲလေ ဒါပေမယ့် သူတို့က သွားလာရင်လည်း အကြောင်းမကြားဘူး ဆက်ဆံရေးရုံးကို မေးကြည်တော့ သူတို့လည်း ဆက်ဆံရေးရုံးလည်း အကြောင်းမကြားလာဘူးလေ အကြောင်းမကြားလာဘူး မသိရဘူးလေဆိုတော့ ဆက်ကျော်ကျော် သွားတော့ ရဲဘော်တွေ ရှိတဲ့နေရာတိုးတော့ ရဲဘော်တွေက ပစ်လိုက်တယ်ပေါ့”
ယခင်က ယခုကဲ့သို့ အစိုးရ တပ်မတော်ဖက်မှ နယ်မြေကျော်ဝင်ရောက်မှု ရှိသော်လည်း KNPP ဖာဆောင်း ဆက်ဆံရေးရုံး၏ ညှိနှိုင်းမှုကြောင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ နှစ်ဖက်သဘောတူညီမှု ရရှိခဲ့သည်ဟု ဖာဆောင်း ဆက်ဆံရေးရုံး တာဝန်ခံ စောဦးကွယ် က ပြောသည်။
KNPP အနေဖြင့် ယခုကဲ့သို့ တိုက်ပွဲများ နောက်နောင်တွင် ထပ်မံမဖြစ်ရလေအောင် ညှိနှိုင်းဖြေရှင်းသွားမည်ဟု ဆိုသည်။
ယနေ့နံနက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် နှစ်ဖက်တည်ဆောက်နေသည့် ယုံကြည်မှုကို ကျဆင်းစေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလည်း ထိခိုက်နိုင်သည်ဟု စောဦးကွယ် က ပြောသည်။
“ကျနော်အမြင်ပြောရရင်တော့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထိခိုက်နိုင်ပါတယ် ဘာဖြစ်လို့လဲဆို တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု မရှိဘူး တစ်ဖက်နဲ့တစ်ဖက် ဒီလိုဆောင်နေကြမယ်ဆိုရင်တော့ ဒါဟာ ငြိမ်းချမ်းရေး ရှေ့ဆက်ဖို့ အတွက် NCA လက်မှတ်ထိုးဖို့အတွက်တော့ စဉ်းစားစရာတွေ အများကြီး ရှိနိုင်တယ်လို့ ကျနော်သုံးသပ်တယ်လေ”
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP သည် ၂၀၁၂ ခုနှစ် မတ်လတွင် ကယားပြည်နယ် လွိုင်ကော်မြို့၌ အစိုးရနှင့် ပဏာမ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး နှင့် ဇွန်လ ၉ ရက်နေ့တွင် ပဏာမ ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသည့် အဖွဲ့ဖြစ်သည်။
သို့သော်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ဖြစ်သည်။