ဗန်းမော်မြို့နယ်တွင် ရွာသား ၅ ဦးကို တပ်မတော်က ခေါ်ဆောင်သွား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်။
ဗန်းမော်မြို့နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား အောက်တိုဘာလ ၁၉ ရက် ယမန်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားပြီးနောက် တိုက်ပွဲဖြစ်ပွားရာ ဒေသအနီးရှိ ရွာသားငါးဦးကို တပ်မတော်က ခေါ်ဆောင်သွားခဲ့သည်ဟု အမည်မဖော်လိုသူ ဗန်းမော်ဒေသခံတစ်ဦး က ပြောသည်။
“ကျနော်တို့ ဒီမနက်မှာပဲပေါ့ အဲဒီ ကျေးရွာ ၃ ရွာကနေ ဒီရွာသား ၅ ယောက်ကို တပ်မတော် ခေါ်ဆောင်သွား တာတော့ ခံလိုက်ရတာပေါ့။ နတ်ခုတ်ထဲက ၂ ယောက်ပေါ့ အောင်မြင်သာထဲက ၃ ယောက်ပေါ့။ ခေါ်သွားတာ က ဒီနေ့ခေါ်သွားတာ။”
ဒေသခံများ တောင်ယာခင်းထဲတွင် အလုပ်လုပ်ကိုင်နေစဉ် အစိုးရ တပ်မတော်မှ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု အဆိုပါ ဒေသခံ က ဆက်ပြောသည်။
“သူတို့ကို ခေါ်သွားတာက အိမ်မှာ လာခေါ်သွားတာ မဟုတ်ဘူး ဒေသရဲ့ အနေအထားအရ သူတို့ပြောင်းဖူး ခြံတွေ လုပ်ကြတယ်။ ခြံတွေမှာ သူတို့တဲတွေ ဘာတွေ ရှိတယ်ပေါ့နော်။ အဲဒီမှာ အလုပ်လုပ်နေတဲ့ အချိန်မှာ ဝင်ခေါ်သွားတာဗျာ” ဟု ၎င်း ဒေသခံက ဆက်ပြောသည်။
ဖမ်းဆီးခံရသည့် ရွာသားများမှာ ယခုအချိန်အထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသည့်အတွက် မိသားစုဝင် များ စိုးရိမ်နေကြသည်ဟု သိရသည်။
“သူတို့ဘာကြောင့်မို့လို့ ခေါ်သွားတာလဲ လမ်းပြဖို့အတွက်လား တစ်စုံတစ်ခု သူတို့ဆီမှာ ဘာရည်ရွယ်ချက် ရှိသလဲ။ ဒါကို ကျနော်တို့လည်း သိချင်နေတယ်ပေါ့နော်။ ခေါ်သွားတာ အခုအချိန်အထိတော့ ပြန်မလွတ် လာသေးဘူးဗျာ။”
ဤဖြစ်ရပ်မတိုင်မီက ၎င်းဒေသ အနီးတစ်ဝိုက်တွင် ကချင်လွတ်လပ်ရေးတပ်မ တော် KIA နှင့် အစိုးရ တပ်မ တော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အစိုးရတပ်မတော်ဖက်မှ ၎င်းဒေသ အတွင်းသို့ စစ်ရေးလှုပ်ရှားမှုများ ပိုမို ပြုလုပ်လာသည့်အပြင် တပ်အင်အား တိုးချဲ့မှုများလည်း ရှိသည်ဟု ဒေသခံများက ပြောသည်။
“နှစ်ဖက်စလုံး အခြေအနေအကြောင်းကြောင့်မို့လို့ ဖြစ်ရတယ် ဆိုရင်တောင်မှ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်း စိမ်တွေကို အကာအကွယ်ပေးဖို့လိုတယ်။”
ဒေသခံများမှာ တိုက်ပွဲပိုမို ပြင်းထန်လာမည်ကို ကြောက်လန့်နေကြပြီး ယခုကဲ့သို့ လူအခွင့် အရေးချိုး ဖောက်မှုများ ဆက်လက် ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြသည်။