တပ်မတော်နှင့် KIA အကြား ဗန်းမော်နှင့် ကွတ်ခိုင်တွင် တိုက်ပွဲများ ဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်။

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်များ အတွင်းတွင် အစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIO) တို့ အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဗန်းမော်မြို့နယ် အတွင်းတွင် ကချင် ရှေ့တန်း စခန်းငယ် တစ်ခုကို မြန်မာ့တပ်မတော်က သိမ်းပိုက်လိုက်သည့်အတွက် တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည် ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

အောက်တိုဘာလ ၁၉ ရက် (ယမန်နေ့) နံနက်ပိုင်းက ဗန်းမော် မြို့နယ်အတွင်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဗန်းမော်ဒေသခံ တစ်ဦးက ပြောသည်။

“မိနစ်အနည်းငယ်ပဲသူက လက်နက်ကြီးတောင်မှ ၃ ကြိမ်ပဲ သူတို့ပစ်လိုက်တယ် ခနပြီးတာနဲ့ တစ်ဖက်က နောက်ဆုတ်သွားတာနဲ့ တူတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ကျနော် တို့သိရတာကတော့ ကေအိုင်အေ အဲဒီတပ်စခန်းကို အစိုးရက ရသွားပြီအကုန်လုံး စခန်းတွေတောင်မှ သူတို့ အကုန်လုံး တက်သိမ်းလိုက်ပြီ ဆိုတာတော့ ကျနော်တို့ သိရတယ်ခင်ဗျာ။”

၎င်းတိုက်ပွဲဖြစ်ပွားသည့် ဒေသတွင် လီဆူ၊ ရှမ်း နဲ့ ဗမာ တိုင်းရင်းသား အများစုနေထိုင်ရာ ကျေးရွာများဖြစ်ပြီး ဒေသခံများအနေဖြင့် တိုက်ပွဲပြင်းထန် လာမည်ကို စိုးရိမ်နေကြသည်ဟု သိရသည်။

“တိုက်ပွဲကတော့ ဗန်းမော်မြို့နယ်ထဲမှာပါတာပေါ့နော ဧရာဝတီ အနောက်ဖက်ခြမ်းပေါ့ ဆိုတော့ ကေအိုင်အေ တပ်ရင်း ၅ ဒေသပေါ့။ ဒီလမိုင်ယာန်ဆိုတဲ့ ကေအိုင်အေပို့စ်မှာဖြစ်တာပေါ့နော်။ ဆိုတော့ သူကဆင်းခမ်းရွာနဲ့ နတ်ခုတ်ကြားမှာပေါ့နော ကေအိုင်အေတပ်စခန်းရှိတယ် အဲဒီတပ်စခန်းမှာ မနက် ၆ နာရီလောက် မှာဖြစ်တာ”

ယခု တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာတွင် လွန်ခဲ့သည့် ရက်သတ္တပတ် ၂ ပတ်ကတည်းက အစိုးရတပ်မတော် ဘက်မှ စစ်ရေးလှုပ်ရှားမှုများ တောက်လျှောက်ရှိနေခဲ့ပြီး တပ်အင်အားဖြည့်တင်းမှုများလည်း ရှိနေခဲ့သည်ဟု ဒေသခံ များက ပြောသည်။

အလားတူ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းတွင်လည်း အောက်တိုဘာလ (၁၈) ရက်နေ့ ညနေက တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ကွတ်ခိုင်ဒေသခံတစ်ဦး က ပြောသည်။

“မနေ့က ညနေက ကွတ်ခိုင်မြို့ နယ်ထဲက ဂါးလန်(Ga Leng) နဲ့ နားခန်(Na Hkyeng) အဲ့ဒီရွာတွေမှာ ပစ်ခတ် တာတွေရှိတယ်။ ၁၅ မိနစ်လောက် ဖြစ်တယ်။ အစိုးရတပ်တွေက လှမ်းပစ်တယ်။ တပ်မ ၈၈ နဲ့ တပ်မ ၉၉ ပေါ့၊ KIA နဲ့ ဖြစ်တာပါ။ ရွာသားတွေက တော့ ကြောက်လန့်နေကြတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

တိုက်ပွဲများကြောင့် ရွာသားအချို့မှာ အနီးအနားရှိ စစ်ရှောင်စခန်းအချို့နှင့် မိသားစုဝင်များရှိရာသို့ ခေတ္တသွား ရောက် ပုန်းရှောင်ခြင်း၊ အချို့မှာ တိုက်ပွဲသံများနားထောင်၍ တောင်ယာများ၊ တောတောင်များထဲသို့ ထွက် ပြေးပုန်းရှောင်နေရသည် ဟု ဒေသခံများ က ပြောသည်။

“တချို့က တိုက်ပွဲသံကိုနားထောင်ပြီး ထွက်ပြေးတယ်။ ပြီးမှ အိမ်မွေးတိရိစ္ဆာန်တွေကို ပြန်လာကြည့်တာ မျိုးပေါ့၊ အဲ့လိုပေါ့၊ အားလုံးက ကြောက်နေ ကြတယ်”

ယခုဖြစ်ပွားခဲ့သည့် တိုက်ပွဲ အခြေအနေများနှင့် ပတ်သက်ပြီး KIO သတင်းနှင့် ပြန် ကြားရေးဌာနကို ဆက်သွယ်၍ မရသကဲ့သို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိပေ။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရ တပ်မတော် တို့အကြား ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဆင်ဘိုဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။