သီပေါ စစ်ရှောင် ဒုက္ခသည်များ ရိက္ခာအခက်ကြုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်းရှိ နားလော့ကျေးရွာမှ စစ်ဘေးရှောင် ၃၀၀ ကျော်နေရပ် မပြန်နိုင်သေးပဲ စားနပ်ရိက္ခာအခက်အခဲများနှင့် ကြုံနေရသည်ဟု ဒေသခံများက ပြောသည်။
နားလေ့ာကျေးရွာတဝှိုက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်း ပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA)တို့အကြား နိုဝင်ဘာလ ၂၃ ရက်နေ့က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ အနီးရှိ စယ်ခန်ကျေးရွာသို့ လူဦးရေ ၃၃၀ ကျော် ထွက်ပြေးလာခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “သောကြာနေ့ကတည်းကရောက်လာတာပါ။ ဘုန်းကြီးကျောင်းမှာထားထားတယ်။ အားလုံး ၃၃၀ ရှိတယ်။ အခုထိ မပြန်နိုင်သေးဘူး။ တိုက်ပွဲတော့မဖြစ်တော့ဘူး။ ဒါပေမယ့် စစ်သားတွေရှိနေသေးလို့ မပြန်ရဲသေးတာပါ” ဟု ပြောသည်။
စစ်ဘေးရှောင်ပြည်သူများအား ဒေသခံပြည်သူများ၊ နယ်စည်းမခြားပရဟိတအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ် များက လိုအပ်သည်များကို ကူညီပံ့ပိုးပေးထားသော်လည်း စားနပ်ရိက္ခာ လိုအပ်မှုရှိနေသည်ဟု ဒေသခံများက ပြောသည်။
“အဓိကလိုအပ်တာကတော့ စားနပ်ရိက္ခာပေါ့နော်။ လာပေးတာတွေတော့ရှိတယ်။ မလောက်ဘူး။ အေးလည်း တော်တော်အေးတယ်။ လမ်းခရီးကလည်း နည်းနည်းခက်တယ်လေ ဒီဘက်ကိုလာဖို့က၊ ဝေးတယ်။ အားလုံးက အခုထိ မပြန်နိုင်သေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
နားလော့ကျေးရွာတဝှိုက်ဖြစ်ပွားခဲ့သော အဆိုပါတိုက်ပွဲကြောင့် ဒေသခံရွာသား (၃) ဦး သေနတ်ကျည်ဆံထိမှန် ကာ သေဆုံးခဲ့ပြီး၊ (၄) ဦးမှာ ဒဏ်ရာရရှိခဲ့ကာ (၃) ဦးမှာ လားရှိုးဆေးရုံကြီးတွေ ဆေးကုသခံယူနေရသည်ဟု နယ်စည်းမခြား ပရဟိတ အဖွဲ့မှ ကိုမျိုးက ပြောသည်။
“သေတာတော့ သုံးယောက်ပဲ၊ ဒဏ်ရာရတာက သုံးယောက်ပေါ့နော်။ ဒဏ်ရာရတဲ့လူတွေကတော့ ကျနော့် ကွန် ရက်အဖွဲ့ နဲ့ပဲ ဆေးရုံပို့တယ်။ ကျနော်ကနေ မိုင်းခေးအထိသွားပြီးသယ်တာက တစ်ယောက်ပေ့ါနော်။ သုံးယောက်ကို သီပေါဆေးရုံပို့တယ်။ သီပေါဆေးရုံကနေ လားရှိုးဆေးရုံကို ကျနော်တို့ ကားနဲ့ပဲပို့တယ်။ သုံးယောက်ကတော့ ရွာမှတင် သဂြိုလ်ပြီးပြီလို့ ပြောပါတယ်” ဟု ကိုမျိုးက ပြောသည်။
ဒေသခံများ ထိခိုဒဏ်ရာရရှိမှု၊ သေဆုံးမှုများနှင့်ပတ်သက်၍ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များက ၎င်းတို့မဟုတ်ကြောင်း ငြင်းဆိုထားပြီး အပြန်အလှန်စွပ်စွဲထားသည်။
တောင်ယာသိမ်းချိန်၊ စပါးရိတ်ချိန်၊ နှမ်းရိတ်သိမ်းချိန်ဖြစ်သောကြောင့် ဒေသခံများမှာ နေရပ်အမြန်ပြန်လိုပြီး၊ ယခုနှစ်တွင် ကောင်းမွန်စွာ ရိတ်သိမ်းနိုင်ခြင်းမရှိပါက လာမည့်နှစ်အတွက် စားနပ်ရိက္ခာခက်ခဲမည်ကို စိုးရိမ်နေကြသည်။
နိုဝင်ဘာအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မဟာမိတ် PSLF/ TNLA၊ SSPP/ SSA ပူးပေါင်းတပ်များနှင့် RCSS/SSA တို့ကြား တိုက်ပွဲ အကြိမ်ရေ (၁၄) ကြိမ်ထိ ဖြစ်ပွားခဲ့ပြီးဖြစ်သည်ဟု PSLF/TNLA သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
တိုက်ပွဲများအမြန်ချုပ်ငြိမ်းစေရေး နှစ်ဖက်လက်နက်ကိုင်များအနေဖြင့် လက်နက်ဖြင့် ဖြေရှင်းခြင်းမျိုးမဟုတ် ဒေသခံပြည်သူလူထုအား ငဲ့ညှာပေးရန် ဒေသခံများက ပြောသည်။
တိုက်ပွဲများနှင့် ပတ်သက်၍ လွှတ်တော်အတွင်းတင်ပြသော်လည်း ထိရောက်မှုမရှိသောကြောင့် ထိရောက်သည့် ဆွေးနွေးပွဲများ အပြန်ဆုံးလုပ်ဖို့လိုအပ်ကြောင်း သီပေါ မဲဆန္ဒနယ်-အမှတ်(၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နန်းစန်းစန်းအေးက ယခုလိုပြောသည်။
“ဖြေရှင်းတာကတော့ ကိုယ်စားလှယ်ပဲ လွှတ်လို့မရဘူးပေါ့နော်။ အကုန်လုံး ပြည်ထောင်စုအဆင့်ရော အားလုံးဝိုင်းဝန်းပါမှ ဖြစ်တယ်။ ကိုယ်စားလှယ်ပဲ လွှတ်တော်ထဲမှာ ပြောပြီးတော့ လွှတ်တော်ထဲမှာ တင်ရင်လည်း သူတို့က ပြန်ဖြစ်တာ များတယ်လေ။ ဒါကြောင့်မို့လို့ ကျမတို့အနေနဲ့ တတ်နိုင်တဲ့အပိုင်းဆို ဖြစ်နေတဲ့ စစ်ဘေးရှောင်တွေကို သွားကူညီတယ်။ လွှတ်တော်ထဲတင်ရင်လည်း သိပ်မထိရောက်ဘူးပေါ့။ ဘာလို့လဲ ဆိုတော့ အစိုးရကလည်း ဒီတိုင်းရင်းသားလက်နက်ကိုင်ကိစ္စ၊ လက်နက်ကိုင်ကိစ္စနဲ့ပတ်သက်လို့ ထိထိရောက် ရောက်ဘာမှ မလုပ်ပေးဘူးဆိုတော့လေ” ဟု ပြောသည်။
ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) က တိုက်ပွဲများ ရပ်ဆိုင်းနိုင်ရေးအတွက် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့မှ အဆင့်မြင့်ဆုံး ခေါင်းဆောင်များ အမြန်ဆုံး တွေ့ဆုံဆွေးနွေး အဖြေရှာရန် တောင်းဆိုထားသည်။
လားရှိုးအနီးတဝှိုက်၊ လားရှိုး-နမ္မတူလမ်းလျှောက်၊ နမ္မတူ၊ သီပေါတို့တွင် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြား တိုက်ပွဲများ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွားနေသောကြောင့် ဒေသခံပြည်သူများ အကြိမ်ကြိမ် ထွက်ပြေးနေကြရသည်။