မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ချင်းမိုင် ခရိုင် အုပ်ချုပ်ရေးမှူးထံ စာပေးတောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၉  ရက်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အတွက် အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို မြန်မာရွှေ့ပြောင်းလုပ်သား အရေး ဆောင်ရွက်နေသူတွေက ယနေ့ ဒီဇင်ဘာ ၁၉  ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် အုပ်ချုပ်ရေးမှူး ထံကို စာရေးသား တောင်းဆိုလိုက်သည်။

တောင်းဆိုချက် ၂၀ တွင် ၁၅ ချက်မှာ ထိုင်းအစိုးရက ဖြေရှင်းပေးရန် ဖြစ်ပြီး  ၅ ချက်မှာ မြန်မာအစိုးရက ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုခြင်းဖြစ်သည်ဟု ချင်းမိုင်ခရိုင်အုပ်ချူပ်ရေးမှူးထံ သွားရောက်တောင်းဆိုခဲ့တာနဲ့ ပတ်သက်ပြီး MAP ဖောင်ဒေးရှင်း အဖွဲ့မှ မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေသူ ထောင်းခမ်း က ပြောသည်။

ဒီ အလုပ်သမားတွေအတွက်ရဲ့ ကျန်းမာရေး၊ ကျန်းမာရေးအာမခံချက်ပေါ့နော်၊ နောက်ပြီးတော့ သက် ကြီး ရွယ်အိုသွားတဲ့ အသက် ၅၅ နှစ်ပြည့်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အသက် ၆၀ အထိ အလုပ် လက်မှတ်သက်တမ်းတိုးပေးဖို့ပေါ့နော်၊ နောက်ပြီးတော့ ဒီ လုပ်အားခ ပေါ့ ရှေ့နှစ်ဆိုရင် အနည်းဆုံး နေ့စားလုပ်အားခ ကိုတန်းတူညီမျှရအောင် လုပ်ဆောင်ပေးရန် စစ်ဆေးပေးရန်ပေါ့၊

မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ နေရပ်မပြန်ပဲ ထိုင်းနိုင်ငံတွင်းမှာပင် နိုင်ငံသားစီစစ်ရေး ကဒ်ပြား လုပ်ပေးရန် အပါအဝင် ကျန်းမာရေး အာမခံရရှိရန်၊  အသက်အာမခံရရှိရန်နှင့် အသက် ၁၈ နှစ်အောက်ကလေးငယ်များ သက်သာစွာ ဆေးကု သခွင့်ရရှိရန် စသည့်အချက် များပါဝင်သည်ဟု တောင်းဆိုသူများက ပြောသည်။

 မြန်မာအစိုးရကို တောင်းဆိုတဲ့ အချက်များထဲမှာတော့ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးအပါအဝင် ချင်းမိုင်မြို့မြန်မာကောင်စစ်ဝန်ရုံးနဲ့ ထိုင်းမြန်မာ နယ်စပ်မြို့တွေဖြစ်တဲ့ မဲဆောက် နဲ့ မယ်ဆိုင်မြို့များတွင်  အလုပ်သမားများလိုအပ်သော စာရွက်စာတမ်း ထုတ်ပေးရန်၊ နိုင်ငံသားစီစစ်ရေးကဒ်များ ပြုလုပ်ပေးရန် စသည့်အချက်များ ပါဝင်သည်။

မြန်မာနိုင်ငံဖက်က တောင်းဆိုတဲ့အချက်ကတော့ ဒီ ထိုင်းနိုင်ငံမှာပဲ ဒီထိုင်းနိုင်ငံမှာတည် ထောင် ထားတဲ့ မြန်မာသံရုံးအဖွဲ့ကနေပြီးတော့ ရွှေ့ပြောင်းအလုပ်သမားတွေကို လက်ထပ်စာချူပ် ထုတ်ပေးရန် ပေါ့နော်၊ နောက်တခုအခါကျတော့ ဒီ သံရုံးမှာ ဝန်ထမ်းတွေ အားနည်းနေတဲ့အတွက် ဝန်ထမ်းတွေ ဖြည့်စွက်ပေးရန်ပေါ့နော်၊ နောက်ပြီးတော့ မိဘနဲ့လိုက်လာတဲ့ကလေးတွေ မြန်မာနိုင်ငံ မှတ်ပုံတင်သက်တမ်းကုန်သွားလို့ရှိရင် ဒီ ထိုင်းနိုင်ငံပိုင်သံရုံးမှာပဲ မှတ်ပုံတင်သက်တမ်းတိုးပေးဖို့။

ရှမ်းပြည်နယ်မှ လာရောက်အလုပ်လုပ်ကိုင်သူ နန်းနွန်းမွန်ကတော့ မြန်မာအလုပ်သမားတွေကို ယခုထက် ပိုပြိး ဂရုစိုက်စေချင်သည်ဟု ပြောသည်။

မှတ်ပုံတင်လက်မှတ်တွေ ကုန်သွားလို့ အဲ့ဆို မြန်မာပြည်ကနေ ပြန်သွား ပြန်လာရင်းနဲ့ ပိုက်ဆံ အများကြီး ကုန်တယ်၊ အဲ့ဒါကြောင့် မြန်မာကဒ် ရော ဒီမှာပဲ သက်တမ်းတိုး ချင်တယ်၊ နောက်ပြီးကြတော့ ထိုင်း နဲ့ မြန်မာရဲ့ MOU မှာ သူတို့က လူမှုဖူလုံရေး အာမခံ သူတို့ကအဲ့လို မရှိလို့ ဆေးရုံမှာကလည်း သိပ့်ပြီးတော့ ဂရုမစိုက်ဘူး အဲ့လိုဖြစ်တာ၊

ရှမ်းပြည်နယ် ကျောက်မဲမြို့ကနေပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့က စာသောက်ဆိုင်တခုမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ စိုင်းနော်ခမ်း ကတော့ အလုပ်ရှင်နှင့် အလုပ်သမားကြားက အခက်အခဲများ ပြေလည်စေချင်သည်ဟု ပြောသည်။

ဒီဟာတွေ ဘာဖြစ်လို့ တောင်းဆိုတာလဲ ဆိုရင် ကျနော်တို့ ထိုင်းနိုင်ငံ အလုပ်လာလုပ်တာ ကျနော်တို့ စောင့်ရှောက်ရေး ကာကွယ်ရေး ဆိုရင် သိပ့်ပြီး မရှိဘူး၊ အဲ့ဒါကြောင့်မိုလို့ကျနော်တို့ လာတောင်းဆိုတာ၊ အလုပ်လုပ်ဆိုရငလည်း အလုပ်ပဲလုပ်တာ ကျနော်တို့ ကျန်းမာရေးတွေ ကျနော်တို့ ကာကွယ်ဖို့အတွက် သူတို့မစဉ်းစားဘူး စိတ်မဝင်စားဘူးပေါ့၊ အဲ့လို။

ယနေ့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးအတွက် တောင်းဆိုသည့် စာများကို ချင်းမိုင်ခရိုင် လက်ထောက်ခရိုင်မှူး နဲ့ ဌာနဆိုင်ရာအဖွဲ့ဝင်များက လက်ခံရယူခဲ့ပြီး ချင်းမိုင်ခရိုင်အနေနဲ့ ဖြေရှင်းနိုင်မည့် ကိစ္စတွေကိုဖြေရှင်းပေးသွားမှာဖြစ်ပြီး မရတဲ့ကိစ္စများကို ဘန်ကောက်မြို့ တာဝန်ရှိသူ အဆင့်ဆင့်ထံ ဆက်လက်ပေးပို့သွားမှာဖြစ်သလို မကြာမှီ အစည်းအဝေး ခေါ်ယူကျင်းပပြီးရင် အကြောင်းပြန်ကြားပေးမယ်ဟု ပြောဆိုသည်။

ယခု တောင်းဆိုချက်များကို ထိုင်းအလုပ်သမား သမဂ္ဂ အဖွဲ့ဝင်များနှင့် မြန်မာအလုပ်သမားအခွင့်အရေး ဆောင်ရွက်နေသူများအပါအဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၀၀ ကျော်တို့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများ နေ့ဖြစ်သည့် ဒီဇင်ဘာ ၁၈ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးပြီး ထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။