၄ လကြာ အပစ်ရပ်ထားမည်ဟု တပ်မတော် ကြေညာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်။
အပစ်ရပ် လက်မှတ် မထိုးရသေးသော အဖွဲ့များနှင့် ဆွေးနွေးညှိုနိုင်းရန် စစ်ရေးဆိုင်ရာ လှပ်ရှားမှုမျးကို တပ်တော်က ဧပြီလကုန်အထိ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ထိုးရန် ကျန်ရှိနေသေးသည့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းနိုင်ရန်အတွက် စစ်ဆင်ရေး နယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအားလုံးကို ရပ်ဆိုင်းပေးထားမည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက် (ယနေ့) ထုတ်ပြန်ချက်ထဲတွင် ဖော်ပြပါရှိသည်။
“တပ်မတော်အနေဖြင့် ယင်းသို့ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ စစ်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအားလုံးကို ရပ်ဆိုင်းပေးပါမည်”
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နှင့် သတင်းမီဒီယာကောင်စီတို့ နေပြည်တော်တွင် တွေ့ဆုံစဉ် ကြေညာခဲ့ခြင်းဖြစ်သည်။
မြန်မာ့ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် MNTJP ကိုးကန့်၊ PSLF တအန်း (ပလောင်)၊ ULA ရက္ခိုင် အဖွဲ့ ၃ ဖွဲ့တို့က စစ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ဦးစွာရပ်တန့်ပြီး စစ်ရေးနည်းလမ်းမှအပ နိုင်ငံရေးနည်းလမ်းဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဆက်လက်ပါဝင်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။
၎င်းထုတ်ပြန်ချက်ကို ငြိမ်းချမ်းရေး ကော်မရှင်ကလည်း ကြိုဆိုထောက်ခံကြောင်း နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေး သဘောတူညီချက် ရရှိရေးကိစ္စနှင့် နိုင်ငံရေး နည်းလမ်းအရ ဆွေးနွေးနိုင်ရေး ကိစ္စများကို ဆက်လက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ “တပ်မတော်အနေဖြင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေနှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ်နယ်မြေများရှိ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် အဖွဲ့တစ်ဖွဲ့ချင်းအလိုက် ညှိနှိုင်းဆွေးနွေးသွားရန် လိုအပ်မည်ဟု ယူဆပါသည်” ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဆိုသည်။
ထို့အပြင် တပ်လှုပ်ရှားမှု ရပ်ဆိုင်းထားသည့် ကာလအတွင်း စစ်ရေးနယ်မြေအလိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းဗဟိုဌာနနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အပါအဝင် ငြိမ်းချမ်းရေး ဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးသွားရန်ဖြစ်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
လိုအပ်ပါက တပ်မတော်အနေဖြင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးစီးသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ အရာရှိကြီး များနှင့် သက်ဆိုင်ရာ နယ်မြေအလိုက် တိုင်းမှူးများပါဝင်သော ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ဖြင့် ဆွေးနွေးပေးသွားမည် ဖြစ်ပါသည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ပြောသည်။
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးသည့်နည်းတူ တစ်ဖက်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံးအနေဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ငြိမ်းချမ်းရေး မူဝါဒ (၆) ရပ်အနက်မှ အချက် ၄ ချက်ဖြစ်သည့် (၁) သဘောတူစာချုပ်များအတိုင်း ကတိတည်ရန်၊ (၂) ငြိမ်းချမ်းရေး သဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန်၊ (၃) ဒေသခံပြည်သူများအပေါ် ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန်၊ (၄) နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန် လိုအပ်သည်ဟု ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။
အပစ်ရပ်ကာလအတွင်း တပ်မတော်အနေဖြင့် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သကဲ့သို့ NCA လက်မှတ်ထိုးထားသည့် အပစ်ရပ် ၁၀ ဖွဲ့နှင့်လည်း NCA သဘောတူ စာချုပ်ပါ အချက်အလက်များအတိုင်း ဆက်လည်ဆွေး နွေးသွားမည်ဟု ဆိုသည်။
NCA လက်မှတ်ရေးထိုးခြင်း ၃ နှစ်ပြည့်အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၀ တွင် ထာဝရ ငြိမ်းချမ်းရေးကို ပြည်သူ့လက်သို့ အရောက်အပ်နှင်းမည်ဟု ကတိပြု ထားသည့်အတိုင်း လုံခြုံရေးဆိုင်ရာ ပြန်လည်းပေါင်းစည်းရေးနှင့် ပြည်ထောင်စု သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး သတ်မှတ်လုပ်ငန်းစဉ်အတိုင်း ပြီးမြောက်အောင်မြင်သည်အထိ ဆက်လက်အကောင်အထည် ဖော်သွားမည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။